Hijet ကားက လမ်းဘေးတွင် ရပ်ထားသည့် (၆) ဘီးကား၏ နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာမှ (၂) ဦးသေ-ဆုံးပြီး (၇) ဦးဒဏ်ရာရ

0
179

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးသွားပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ (၂၈) ရက် နံနက်ပိုင်းက Hijet ကားမှ လမ်းဘေးတွင် ရပ်ထားသည့် (၆) ဘီးကား၏ နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၆) နာရီခန့်က အမျိုးသား/အမျိုးသမီးများလိုက်ပါလာသည့် Hijet ကားသည် ဟဲဟိုးမြို့ရှိ မိတ္ထီလာ-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် ၈၉/၇ နှင့် ၉၀/၀ ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသည့် Nissan (၆) ဘီးကား၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိခဲ့သဖြင့် Hijet ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် ဟဲဟိုးနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် ကားမောင်းသူနှင့် အမျိုးသမီး (၁) ဦးတို့သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား (၃)ဦးနှင့်အမျိုးသမီး (၄) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား ဟဲဟိုး မြတ်စေတနာလူမှုကူညီရေးအသင်းမှ ဟဲဟိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here