မြိတ်မြို့နယ်တွင် နေအိမ်တစ်လုံးပေါ်သို့ တောင်မြေသားများပြိုကျ၍ အမျိုးသမီး ၂ ဦးဒဏ်ရာရ

0
279

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ယနေ့စက်တင်ဘာ (၂၈) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်တစ်လုံးပေါ်သို့ တောင်မြေသားများပြိုကျခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၈) နာရီခွဲကျော်ခန့်က မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျွဲကူး‌ကျေးရွာ၊ ပုလဲသွယ်ရပ်၊ကျွဲကူးလမ်းမကြီးရှိ ကျောက်ညီနောင်တောင်၏ တောင်မြေသားများမှာ နေအိမ်တစ်လုံးပေါ်သို့ပြိုကျသွားခဲ့သဖြင့် နေအိမ်မှာပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ်အတွင်းရှိ အမျိုးသမီး (၂) ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် သစ္စာမေတ္တာ နာရေးကူညီမှုအသင်းမှ မြိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြိုကျနေသည့် တောင်မြေသားများနှင့် ပျက်စီးသွားသည့်နေအိမ်တို့အား မြိတ်ခရိုင်မီးသတ်စခန်းနှင့် ကျွဲကူးနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လူမှုကူညီရေးအသင်းများမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here