နိုင်ငံရေး ပြဿနာအား တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ရာတွင် အခက်အခဲများစွာရှိနေဆဲဖြစ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင်ပြော

0
183

တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများအား စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ရာတွင် အပြောလွယ်သလောက် လက်တွေ့၌ အခက်အခဲများစွာရှိနေဆဲဖြစ်ကြောင်း PPST အဖွဲ့ယာယီအဖွဲ့ခေါင်းဆောင် ဒေါက်တာနော်ကပေါ်ထူးက ပြောကြားသည်။

စက်တင်ဘာ (၂၉) ရက်ကကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ အစည်း အဝေး (၁၃/၂၀၂၃) တွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

NCA သဘောတူ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင် NCA ပါသဘောတူညီချက်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့သည့် PPST ၏ လက်ရှိစုဖွဲ့မှုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေသည်ဆိုခြင်းမှာ ပကတိအရှိတရားဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ထို့ပြင် NCA ၏ အနှစ်သာရ (၃) ချက်ကို အခြေခံပြီး သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှ နိုင်ငံရေး ပြဿနာအား စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရန်ကြိုးပမ်းအားထုတ်မှုများတွင်လည်း အပြောလွယ်သော်လည်း အခက်အခဲများစွာရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းကသာ ကျွန်ုပ်တို့ နိုင်ငံအတွက် ကျွန်ုပ်တို့ပြည်ထောင်စုအတွက် လက်ရှိအကြပ်အတည်းတွေကို ကျော်လွှားရာမှာ ထိခိုက်နစ်နာမှု အနည်းဆုံးရွေးချယ်မှုတစ်ခုကို ဖြစ်စေနိုင်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် အခက်အခဲ အမျိုးမျိုးကြားထဲကပဲ ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်သွားကြရပါမယ်”ဟု ဒေါက်တာနော်ကပေါ်ထူးကပြောသည်။

နိုင်ငံအတွင်း ရာစုနှစ်ဝက်ကျော်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ဖြစ်ပွားနေဆဲဖြစ်သည့် ပြည်တွင်းစစ်အပြီးသတ်ချုပ်ငြိမ်းပြီး မျိုးဆက်သစ်များအတွက် အမွေကောင်းတစ်ခုဖြစ်စေနိုင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးသည် မလွဲမသွေဖြတ်သန်းရမည့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် အ စပြုသည့် ခြေလှမ်းကောင်းတစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာနော်ကပေါ်ထူးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here