နိုင်ငံရေး အကြောင်းပြချက်ဖြင့် ထောက်ပံ့ကူညီမှုများ ဖြတ်တောက်ခံနေရသော်လည်း ကိုယ့်အားကိုယ်ကိုး၍ အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

0
163

အောင်မြင်မှုဆိုသည်မှာ လုပ်ဆောင်နိုင်စွမ်း အားပေါ်တွင်သာမူတည်နေသည့်အတွက် မိမိတို့၏ ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး အဓိက ကြိုးစားကြရန် နစကဥက္ကဋ္ဌက ပြောကြားလိုက်သည်။

စက်တင်ဘာ (၂၉) ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း အစိုးရအဖွဲ့လုပ်ငန်းများအောင်မြင်ရန် အကောင်အထည်ဖော်ဆောင်ရွ က်ခဲ့၍ အောင်မြင်မှုများ၊ တိုးတက်မှုများ အများအပြားရှိခဲ့ကာ အချို့ကိစ္စများ၌ အားနည်းချက်များရှိခဲ့သည်ကိုတွေ့ရှိရသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် ပိုင်ဆိုင်ထားပြီးဖြစ်သည့် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ အကျိုးရှိစွာအသုံးချနိုင်ပါက အမှန်တကယ်အကျိုးရှိနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့အပြင် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ (LDC)နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကူညီထောက်ပံ့မှုများ ရရှိမည့်အခွင့်အရေးများရှိသော်လည်း နိုင်ငံရေးအကြောင်းပြချက်များဖြင့် ထောက်ပံ့ကူညီမှုများ ဖြတ်တောက်ခံရသည့် အခြေအနေ၌ ကိုယ့်အားကိုယ်ကိုးရပ်တည်၍ အောင်မြင်မှုရှိအောင်ဆောင် ရွက်ခဲ့ရသည်ဟု ဆိုသည်။

“အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုကိုသာ ရရှိခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ရှိပါတယ်။ ဒါကြောင့် မိမိတို့ နိုင်ငံအနေနဲ့ မိမိတို့ခြေထောက်ပေါ်ရပ်တည်နိုင်ရေး အဓိက ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု စွမ်းအားများကို မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်တာဝန်စယူကာစ အစောပိုင်း ကာလများတွင် တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်ရသည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားရေးကို ဖိဖိစီးစီးဖြင့် အားပေးဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာ အင်ပြည့်အားပြည့်လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် စီမံခန့်ခွဲသူများအနေဖြင့် စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here