ဂျပန်တိရစ္ဆာန်ရုံ၌ ခြင်္သေ့ကိုက်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံး

0
423

တိုကျို၊စက်တင်ဘာ ၂၉

ဂျပန်ဆာဖာရီပန်းခြံရှိ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးသည် ခြင်္သေ့တစ်ကောင်အား လှောင်အိမ်ထဲသို့ပြန်ထည့်ရန်ကြိုးပမ်းချိန်၌ ခြင်္သေ့ ကိုက်ခံရပြီးသေဆုံးသွားခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့၏ထုတ်ပြန်ကြေငြာချက်အရသိရသည်။

ဖူကူရှီးမားဒေသရှိ တိုဟိုကုဆာဖာရီပန်းခြံမှ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးဖြစ်သည့် အသက် ၅၃ နှစ်အရွယ်ရှိမစ္စတာ ကီနိချိကတိုသည် ခြင်္သေ့တိုက်ခိုက်ခံရသဖြင့် လည်ပင်းတစ်ဝိုက်တွင် သွေးထွက်လျက်ခြင်္သေ့လှောင်အိမ်ထဲ၌သေဆုံးနေသည်ကိုတွေ့ရကြောင်း ရဲများ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ပန်းခြံတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ မစ္စတာကီနိချိသည် ခြင်္သေ့အားလှောင်အိမ်ထဲပြန်ထည့်ရန် အစာဖြင့်မျှားခေါ်လာပြီး ခြင်္သေ့လှောင်အိမ်ထဲရောက်ရောက်ချင်း တံခါးအားမပိတ်ခဲ့မိသဖြင့် ယခုကဲ့ အကိုက်ခံရခြင်းဖြစ်သည်ဟုသိရသည်။

မစ္စတာကတိုသည်ခြင်္သေ့များ၊ကျားများနှင့်ဝက်ဝံများကဲ့သို့သောအသားစားသတ္တဝါများအား ထိန်းကျောင်းသည့်ဝါရင့်ဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံမီဒီယာတစ်ခု၏ဖော်ပြချက်အရသိရသည်။ ၎င်း၏သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အနူးအညွတ်တောင်းပန်ပါကြောင်းလည်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

ဆက်လက်၍ တိရစ္ဆာန်ရုံတာဝန်ရှိသူများကလည်း အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်စေရန် သတိပြုဆင်ခြင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ပြီးသည်အထိ ခေတ္တပိတ်ထားဦးမည်ဟုလည်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here