တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ကာ ငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
264

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ စက်တင်ဘာ (၃၀) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်တွင် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် ယခုတွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အားတစ်ခုဖြစ်မည်ကို ယုံကြည်ကြောင်းနှင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်၏ နိုင်ငံတော်တာ ဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး NCA သဘောတူညီချက်များအား ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ်ပျက်ပြယ်ပြီဟု အခြေအမြစ်မရှိပြောကြားမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရန် တပ်မတော်အနေဖြင့်အမြဲဖိတ်ခေါ်လမ်းဖွင့်ထားပြီး ဖြစ်ကြောင်းလည်း ဆိုသည်။

ကရင်ပြည်နယ်ရှိ ဒေသခံပြည်သူများသည် အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသည်ကို သိရှိရသည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူ၊ ပြည်သားများ၏ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်ကာ ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောကြားရန် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးအား နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here