(၃) နှစ်ကြာ ရပ်နားထားသည့် ဆုတောင်းပြည့် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပမည်

0
756

ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားသည့် အချိန်မှစတင်ကာ မကျင်းပဘဲ (၃) နှစ်ကြာရပ်နားထားသည့် မွန်ပြည်နယ်ရှိ ဆုတောင်းပြည့် ကျိုက္ခမီ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာလအတွင်း၌ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

အောက်တိုဘာ (၂၃) ရက်မှ (၂၇) ရက်အထိ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကာ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ နံနက် (၃) နာရီမှ စတင်၍ ရပ်နီး/ရပ်ဝေးမှ ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်သူများ၏ ဆွမ်းအိုးမျှောပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၃၀) ရက်မှနိုဝင်ဘာ (၃) ရက်အထိအား ဇာတ်သဘင်ပွဲ(ဗလာပွဲ)များ၊ ရုံပွဲများ၊ ခြင်းလုံးပညာရှင်အမျိုးသမီးများ၏ ခြင်းလုံးအလှခတ်၊ ရွဲလုံးအလှကစားပြမှုများဖြင့်လည်း(အခမဲ့) ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ အလွတ်တမ်းဘောလုံးပြိုင်ပွဲအဖြစ် ဘောလုံးအသင်း(၈) သင်းတို့မှ ယှဥ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ထို့ကြောင့် ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်၌ စျေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလိုပါက အောက်တိုဘာ (၁၅) ရက်မှစတင်ကာ ဆိုင်ခန်းလျှောက်လွာများကို ဂေါပကအဖွဲ့ရုံးတွင်လာရောက်၀ယ်ယူနိုင်ပြီး အောက်တိုဘာ (၂၁) ရက်တွင် စျေးဆိုင်ခန်းများကို အကွက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here