၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှတရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့

0
332

၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှတရားခံ ၇၆ ဦးနှင့် Online လောင်းကစားမှု ၅၈ မှုမှတရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

အောက်တိုဘာ (၁) ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားသည့် မိန့်ခွန်း အရ သိရခြင်းဖြစ်သည်။

နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားလုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကာ ယင်းမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန်ခက်ခဲ၍ နိုင်ငံများကြား ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်တုံ့ ပြန်မှုများနှင့်ဆောင်ရွက်သွားရမည်ဟု နစက ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာ-ထိုင်း-တရုတ် (၃)နိုင်ငံကြား နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင်ပြု လုပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု( Online Scam)နှင့်အွန်လိုင်းလောင်းကစားမှု(Online Gambling)ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းကထည့်သွင်းပြောကြားသွားသည်။

မြန်မာ-ထိုင်း-တရုတ် (၃)နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် Online လိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီ (၁) ရက်မှဇွန် (၁၆) ရက်အထိ စစ်ဆင်ရေးကာလ သတ်မှတ်ကာ သုံးနိုင်ငံနားလည်မှုရှိရှိနှင့် ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ထို့သို့ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု (၁၁၉) မှုမှ တရားခံ (၇၆) ဦးနှင့် Online လောင်းကစားမှု (၅၈) မှုမှ တရားခံ (၁၃၄) ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် (၁၆) ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ လူကုန်ကူးမှု ၂၂၄၅ မှုကိုဖော်ထုတ်၍ လူကုန်ကူးသူတရားခံ ၆၅၁၆ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း လူကုန်ကူးမှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေး စီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL)တို့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ဟုလည်း နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here