ရန်ကုန်တွင် တစ်ညတည်းမိနစ်ပိုင်းသာခြား၍ Taxi ချင်းတိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ ၈ ဦးဒဏ်ရာရ

0
158

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ်တို့တွင် အောက်တိုဘာ ၁ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ Taxi ချင်းတိုက်မိမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၉ နာရီခန့်က အင်းစိန်မြို့နယ်ရှိ ပေါက်တောဝမီးပွိုင့်တွင် မီးနီဖြတ်မောင်းလာသည့် Fielder Taxi ကားမှ မီးစိမ်း၍မောင်းနှင်လာသည့် Probox Taxi တစ်စီးအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“Probox ကားမောင်းတဲ့လူရဲ့ခြေထောက်မှာဒဏ်ရာရသွားတယ် မစိုးရိမ်ရပါဘူး အသက်က(၄၀)ဝန်းကျင်လောက်ရှိပါပြီ ဝင်တိုက်တဲ့ကားက ကားမောင်းတဲ့လူကဘာမှမဖြစ်ပါဘူး မြေပြင်ကုသပေးပြီးတော့ အင်းစိန်ပြည်သူ့ဆေးရုံကိုပို့ပေးခဲ့ပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ည ၉ နာရီခွဲကျော်ခန့်ကလည်း မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းဆုံအနီး၌ Taxi ချင်းတိုက်မိခဲ့သဖြင့် ကား ၂ စီးပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ လူမှုကူညီရေးအသင်းဝင်များက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ ၇ ဦးအနက် အသက်(၁)နှစ်အရွယ်ရှိ ကလေးငယ်နှင့်အသက်(၁၂)နှစ်အရွယ် ရှိ ကလေးငယ်တို့အား ဟယ်လ်ပင်ကလေးဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here