ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ပျက်စီးမှုများဖြစ်ပေါ်ခဲ့

0
255

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်တစ်လုံး၌ စက်တင်ဘာ (၂) ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၄) နာရီ (၂၀) မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ (၂၆) လမ်းနှင့် (၂၇) လမ်းကြား၊ (၇၄) လမ်းနှင့် (၇၅) လမ်းကြား၊ စော်ဘွားဝန်းအတွင်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လက်နက်ကြီး ကျည်သည် အခင်းဖြစ်နေအိမ်၏ နေအိမ်အရှေ့ဘက်ခေါင်မိုးပေါ်သို့ ကျ‌ရောက် ပေါက်ကွဲခဲ့၍ ခေါင်မိုးမှာ ၈ ပေခန့် ပြိုကျပျက်စီးခဲ့ပြီး ယင်း နေအိမ်ညာဘေးကပ်ရပ်ရှိ နေအိမ်၏ တံစက်မိတ်ခေါင်မိုးကိုလည်း လက်နက်ကြီးကျည်စများ ထိမှန်၍ ပေါက်ပြဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ်အနောက်ဖက်ရှိ အလျား ၄ ပေ၊အနံ ၄ ပေ၊အမြင့် ၃ ပေရှိရေကန်ကွဲအက်ပျက်စီးကာ အိမ်‌ရှေ့တွင်ရပ်ထားသည့် Toyota Ractis(ခဲရောင်)ကား၏ ရှေ့လေကာမှန်ဘယ်ဝဲဘက်ထောင့်ကွဲအက်ပြီး လျှပ်စစ်ဓာတ်တိုင်မှ မီးကြိုးပေ(၈၀) ခန့် (၃) ကြိုးပြတ်ကျ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here