ယနေ့မှစတင်ကာ (၆) လအတွင်း မှတ်ပုံတင်လျှောက်ထားသည့် အွန်လိုင်းမှ ဈေးရောင်းသူများ မှတ်ပုံတင်ကြေး (၃၀၀၀) ကျပ်သာ ပေးရမည်

0
357

Online မှ စျေးရောင်းချသူများအနေဖြင့် ယနေ့အောက်တိုဘာ (၂) ရက်မှ စတင်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ကာ Pilot Project ကာလအတွင်း အွန်လိုင်းကြေးတစ်ခုတည်းသာကောက်ခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။

ရန်ကုန်မြို့ ၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ပြုလုပ်သည့် Online စနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး eComReg စနစ်မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“Online ရောင်းချသူတွေအနေနဲ့ မှတ်ပုံတင်ခြင်းကို ဒီနေ့စဖွင့်လှစ်တာပေါ့။ pilot project (၆) လတာကာလမှာ မှတ်ပုံတင်ကြေး (၃၀၀၀) ပဲကောက်ခံပါတယ်။ စနစ်ပေါ်မှာ ဝန်ဆောင်ခ ကောက်ခံထားတာ မရှိသေးပါဘူး။ ကုန်စည်နဲ့ဝန်ဆောင်မှုဆိုပြီး သတ်မှတ်ထားတယ်။ ကုန်စည်အုပ်စုမှာဆိုရင် (၂ ၂) ခုပါတယ်။ ဒါကယာယီပေါ့။ လိုအပ်ရင်ပြောင်းလဲမှာပါ။ ဝန်ဆောင်မှုမှာဆိုရင် (၁၄) ခု ယာယီသတ်မှတ်ထားတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်သူများအတွက် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး Online Registration ပြုလုပ်သူများအ‌နေဖြင့် မိမိ လုပ်ငန်း အမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်ကာ မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်းမှ ဈေးရောင်းချသူများကိုစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဇူလိုင်လ (၂၁) ရက် ရက်စွဲဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here