တိုင်းရင်းသားကျေးရွာတွင် ဆိပ်ခံဗောတံတားတည်ဆောက်မှုပြီးစီး

0
392

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရေယာဉ်များဆိုက်ကပ်နိုင်သည့် ဆိပ်ခံဗောတံတား တည်ဆောက်နေမှု ပြီးစီးပြီဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သိရသည်။

ယင်းကြောင့် တိုင်းရင်းသားကျေးရွာသို့ လာရောက်အပန်းဖြေလည်ပတ်လိုသူများအနေဖြင့် လာမည့် ခရီးသွားရာသီမှစတင်၍ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်အတွင်းမှတဆင့် လာရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြစ်မှ တိုင်းရင်းသားကျေးရွာသို့ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်းအပါအဝင် ပဲခူးမြစ် ကမ်းတစ်လျှောက်ရှိ ကျေးလက်ဒေသများမှ စက်တပ်သမ္ဗာန်ငယ်၊ ရေယာဉ်များနှင့်လည်း လာရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ခံတံတားကို ကျပ်သန်းပေါင်း ၄၅၀၀ နီးပါး အကုန်ကျခံတည်ဆောက်ထားခြင်းဖြစ်သည်။

တိုင်းရင်းသားကျေးရွာသို့ တနင်္လာနေ့မှ စနေနေ့အထိ တစ်ရက်လျှင် လူဦးရေ (၃၀၀) ဝန်းကျင်လာ‌ရောက်ပြီး တနင်္ဂနွေနေ့တွင်(၁၂၀၀)ဝန်းကျင်လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် မေ (၂) ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွား လူကြီးတစ်ဦးလျှင် ငွေကျပ် (၅၀၀) သတ်မှတ်ထားကြောင်း၊ ကလေး၊ ရဟန်းသံဃာနှင့် သီလရှင်များကို အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားခရီးသွားဧည့်သည် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here