သုတေသန လုပ်ငန်းများသည် ဆေးပညာဖွံ့ဖြိုးတိုးတက်ခေတ်မီစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီး ပြော

0
228

သုတေသန လုပ်ငန်းများသည် ဆေးပညာဖွံ့ဖြိုးတိုးတက်ခေတ်မီစေရန် အဓိက အခန်းကဏ္ဍမှပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားလိုက်သည်။

အောက်တိုဘာ (၂) ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့၌ ဆေးသုတေသန ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သုတေသနလုပ်ငန်းများသည် ဆေးပညာဖွံ့ဖြိုးတိုးတက်ခေတ်မီစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ကြီးဌာန၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အပြင် ကိုဗစ်(၁၉) ရောဂါကာလတွင် Genetic sequencing (မျိုးရိုးဗီဇ)ပြောင်းလဲမှုကို ဓာတ်ခွဲစမ်းသပ်နိုင်ခဲ့ပြီး နောင်တွင်လည်း မျိုးရိုးဗီဇပြောင်းရောဂါပိုးများကို ဆက်လက်သုတေသန ပြုသွားရမည်ဟုလည်း မှာကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နောင်တွင်ဖြစ်ပွားလာနိုင်သည့် ကူးစက်ရောဂါအသစ်များကို တုံ့ပြန်ဆောင်ရွက်သွားနိုင်ရန် အမြဲအသင့်ရှိနေရမည်ဖြစ်ကာ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများမဖြစ်ပွားစေရန် ကာကွယ်ဆေးထိုးနှံရမည့် အသက်အရွယ်အတွင်း အကျုံးဝင်သည့် ကလေးငယ်များအား တစ်ယောက်မကျန်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသနဦးစီး ဌာန၏ သုတေသနလေ့ကျင်းရေးဗဟိုဌာန(Research Training Center)တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ သုတေသနလေ့ကျင့်ရေး ဗဟိုဌာနဖွင့်လှစ်ပြီးပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ၊အခြားဝန်ကြီးဌာနများမှ ဘွဲ့လွန်သင်တန်းသားများ၊ဝန်ထမ်းများကို သုတေသနနည်းပညာ အခြေခံလိုအပ်ချက်နှင့် သုတေသန နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်တွေ့အသုံးချသုတေသန (Implementation Research)၊ သုတေသန နည်းစနစ်(Research Methodology)၊ လူမှုရေး သိပ္ပံဆိုင်ရာသုတေသန(Social Science Research)၊ ဇီဝဆေးပညာဆိုင်ရာသုတေသန (Bio-medical Research)နှင့်သုတေသနကျင့်ဝတ် (Research Ethics) ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here