၆ လအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား

0
305

မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် (၆) လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံကျော်ရရှိထားပြီး နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၃၅ ဒသမ ၆၆၀ သန်းလျော့ကျခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့်ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများအားကို တရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Photo – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here