ဘန်ကောက်ရှိ ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာအမျိုးသမီးအတွက် သံရုံးမှကူညီဆောင်ရွက်ပေးနေ

0
318
Emergency workers and police direct people leaving Siam Paragon shopping centre in Bangkok on October 3, 2023, following a shooting incident in the mall.(Photo by Lillian SUWANRUMPHA / AFP)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာအမျိုးသမီးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယမန်နေ့အောက်တိုဘာ (၃) ရက် ညနေက Siam Paragon Shopping Mall တွင် သေ-နတ်သမားတစ်ဦးက ဈေးဝယ်စင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့မှုကြောင့် Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၃၁) နှစ်အရွယ်ရှိ သထုံမြို့ဇာတိဖြစ်သူ ဒေါ်မိုးမြင့်သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်တွင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမား သံအရာရှိတို့သည် ယနေ့တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနှင့် ယင်းသေ-ဆုံးသူ မြန်မာနိုင်ငံသား၏ အလုပ်ရှင်ထံသို့ သွားရောက်တွေ့ဆုံ၍ နာရေးကိစ္စနှင့် ကရုဏာကြေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။

ထို့အပြင် မြန်မာသံရုံးအနေဖြင့် သထုံမြို့၌ နေထိုင်သည့် သေဆုံးသူ၏ မိခင်ဖြစ်သူထံသို့လည်း ဆက်သွယ်ဆောင်ရွက်ထားပြီး ကျန်ရစ်သူ မိသားစုဝင်များ၏ ဆန္ဒအရ သေ-ဆုံးသူ ဒေါ်မိုးမြင့်အား အောက်တိုဘာ (၈) ရက်တွင် Chang wattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့ တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းလျက် လိုအပ်သည်များ ဆက်လက်ကူညီ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here