ဘန်ကောက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေ-ဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး၏ နာရေးကို အောက်တိုဘာ (၈) ရက်တွင် ပြုလုပ်မည်

0
244

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam Paragon Shopping Centre တွင် အောက်တိုဘာ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေ-ဆုံးခဲ့ရသူ မြန်မာလုပ်သား အမျိုးသမီး၏ နာရေးကို အောက်တိုဘာ (၈) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Siam Paragon Shopping Centre ပစ်ခတ်မှုအတွင်း အဆိုပါ စင်တာရှိ Take Toys Co., Ltd. ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား မမိုးမြင့် အသက်(၃၁)နှစ်မှာ ဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံတွင် (၁)နာရီကြာ ဆေးကုသမှု ခံယူခဲ့သော်လည်း သေ-ဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူ မမိုးမြင့်မှာ မြန်မာနိုင်ငံ၊ သထုံမြို့ ဇာတိဖြစ်ပြီး ၎င်း၏ နာရေးကို အောက်တိုဘာ (၈) ရက်တွင် ဘန်ကောက်မြို့ရှိ Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း သတင်းများအရ သိရသည်။

မမိုးမြင့်မှာ ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ကာ မြန်မာပြည်ရှိ မိသားစုထံ လစဉ် လုပ်အားခ ဘတ် ၁၀၀၀၀၊ မြန်မာငွေကျပ် (၁၀) သိန်းဝန်ကျင် ပုံမှန်ပေးပို့ထောက်ပံ့ပေးနေသူဖြစ်ကြောင်းလည်း ထိုင်းအခြေစိုက်သတင်းများအရ သိရသည်။

အဆိုပါ ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေ-ဆုံးခဲ့သူများအတွက်လည်း ထိုင်းဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ပြောကြားထားသေးကြောင်း သိရသည်။

သေဆုံးသူ မမိုးမြင့်အတွက် နစ်နာကြေး ရရှိရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကိုယ်တိုင် ဦး ဆောင်၍ ၎င်း၏ အလုပ်ရှင်နှင့်တွေ့ဆုံကာ ညှိနှိုင်းမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များကို ဆက်လက်ကူညီဆောင်ရွက်သွားမည်ဟုလည်း မြန်မာသံရုံးက အသိပေးထားသည်။

ဓာတ်ပုံ – Thai News Pix


LEAVE A REPLY

Please enter your comment!
Please enter your name here