မကွေးမြို့တွင် လျာထားမြေ ၃၈၂ ဒသမ ၅၂ ဧကပေါ်တွင် မကွေးမြို့အသေးစား စက်မှုဇုန်တည်ထောင်မည်

0
291

မကွေးတိုင်း ဒေသကြီး ၊ မကွေးမြို့တွင် ဒေသတွင်းနှင့် ပြည်တွင်း/ပြည်ပမှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန် လျာထားမြေ ၃၈၂ ဒသမ ၅၂ ဧကပေါ်တွင် မကွေးမြို့ အသေးစား စက်မှုဇုန်တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မကွေးမြို့စက်မှုဇုန်တည်ထောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာ (၂) ရက် မွန်းလွဲပိုင်းက ကျင်းပရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့စက်မှုဇုန်အား နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ဒေသတွင်းနှင့် ပြည်တွင်း/ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့ရှိ စက်မှု လုပ်ငန်းများကို အသေးစား စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်စေရန် ရည်ရွယ်၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မကွေးမြို့ စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်ပြီး လူနေမှုအဆင့် အတန်းမြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားခဲ့သည်။

မကွေးမြို့စက်မှုဇုန်အား မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက် မိုင်တိုင်(၃၂၅)၊မကွေးမြို့မှ (၄)မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ(၇)ဖာလုံခန့်အကွာ၊ မကြီးကန် ဓာတ်အားခွဲရုံမှ (၁) မိုင်ခွဲခန့်အကွာ အမှတ်(၅)စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ်တည်ရှိပြီး (၄၆၁) ဧက ကျယ်ဝန်းကာ စစ်ဆေးချက်အစီရင်ခံစာအရ လျာထာမြေ ၃၈၂ ဒသမ ၅၂ ဧကပေါ်တွင်တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသ ည်။

“စက်မှုဇုန် လျာထားမြေနေရာရဲ့ တောင်ဘက်ခြမ်း (၁) မိုင် (၄) ဖာလုံခန့်အကွာမှာ ဧရာဝတီမြစ်တည်ရှိတာကြောင့် နောင်အနာဂတ်စက်မှုဇုန်ဖွံ့ဖြိုးလာချိန်မှာ ကုန်တင်၊ကုန်ချဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ နိုင်ငံတော်အဆင့် တရားဝင်ရပ်တည်နေသည့် စက်မှုဇုန်ပေါင်း (၁၉) ဇုန်ရှိကာ မကွေးတိုင်းမှ ရေနံချောင်း စက်မှုဇုန်နှင့် ပခုက္ကူစက်မှုဇုန်တို့ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here