ပုဂံဒေသတွင် ဖော်ဆောင်ထားသည့် ခရီးစဉ်ဒေသ (၇) ခုကို ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများရှိနေ

0
310

ပုဂံဒေသတွင် ဖော်ဆောင်ထားသည့် ခရီးစဉ်ဒေသ (၇) ခုကို ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှု များပြားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

အဆိုပါ ခရီးစဉ်ဒေသ (၇) ခုမှာ ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ ကျောက်မျက်မှော် ခရီးစဉ်၊ ညောင်ဦးမြို့နယ် အရှေ့တောင်ဘက် သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုလှ ကျေးရွာရှိ နှစ်ပေါင်း (၉၀၀) ကျော် သက်တမ်းရှိ မန်ကျည်းကိုးခွပင်နှင့် ပုဂံခေတ်ကတည်းက ရှိခဲ့ပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားသည့် (၂၁) ဧကရှိ အင်ကြင်းတော၊ခေတ်အဆက်ဆက် သျှောင်ပေစူး ဆံကေသာများကို ယနေ့အထိ ထိန်းသိမ်းထားရှိသော ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ စက်စက်ယိုကျေးရွာ၊ ညောင်ဦးမြို့နယ်၏ အရှေ့ဘက် ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း (၁၆) မိုင်ခန့်အကွာရှိ သဲပြင်တောကျေးရွာရုပ်စုံကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ် လဲဂွ၊ လက်ပံအိုင် ကျေးရွာတို့ရှိ ဂဲမိုးအိုင် ခရီးစဉ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်ရှိ ပုပ္ပားတောင်တက် ခရီးစဉ် တို့ဖြစ်ကြောင်း သိရသည်။

ပုဂံယဥ်ကျေးမှု ဒေသတွင် ဘုရားပေါင်း ၃,၈၂၂ ဆူ ရှိပြီး အဆိုပါ ဘုရားများသို့ သွားရောက်လည်ပတ်ရာတွင် အနည်းဆုံး အချိန် (၂) ရက်ခန့် ပေးရကြောင်း သိရသည်။

ပြီးခဲ့သည့် ပွင့်လင်းရာသီတွင် ကမ်းခြေဒေသဖြစ်သည့် ချောင်းသာ၊ ငပလီနှင့် ငွေဆောင်ကမ်းခြေများသို့ အပန်းဖြေခရီး သွားရောက်လည်ပတ်ကြသူ များပြားခဲ့ပြီး ပုဂံဒေသနှင့် မြန်မာပြည်အထက်ပိုင်း မန္တလေး၊ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီး စသည့်ဒေသများသို့ ပြည်တွင်းခရီးသည်များ လည်ပတ်ကြသူများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here