၄ နှစ်အတွင်း ရေယာဉ်စီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည့် ဂျောင်ဝိုင်းလွန်းကျင်း၏ လုပ်ငန်းများပြန်လည် လည်ပတ်မည်

0
261

၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ် ၄ နှစ်အတွင်း ရေ ယာဉ်စီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး သက်တမ်း ၃၆ နှစ်ရှိပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုများရပ်တန့်ခဲ့သည့် ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း၏ လုပ်ငန်းများကိုပြန်လည် လည်ပတ်သွားမည်ဖြစ်သည်။

ထိုသို့ လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေးအတွက် နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ဂျောင်ဝိုင်းလွန်းကျင်းလုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဂျောင်ဝိုင်းလွန်းကျင်းသည် လုပ်ငန်းဆောင်ရွက်မှုမရှိသည်မှာကြာမြင့်ပြီဖြစ်ပြီး လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊စက်ကိရိယာများ ထပ်မံဖြည့်သွင်းခြင်းများပြုလုပ်၍ အကျိုးရှိအောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့ပြင် ရေယာဉ်တည်ဆောက်ရေးနှင့်ပြင်ဆင်ရေး လုပ်ငန်းများပြုလုပ်နိုင်ရန် လိုအပ်သည်များကိုပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဝန်ထမ်းများကို အုပ်ချုပ်မှုများအဆင်ပြေစေရေး၊နေအိမ်လိုင်းခန်းများနှင့်အခြားအဆောက်အဦများထည့်သွင်းရန် ကြိုတင်စဉ်းစားဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ဂျောင်ဝိုင်းလွန်းကျင်းအတွင်းရှိ လွန်းဆွဲရုံ၊ရေလုံလွန်းကျင်းနှင့်လွန်းလမ်းများ၊လွန်းကျင်းအဝင်နှင့်ဆိပ်ခံတံတားအနီး တို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

ဂျောင်ဝိုင်းလွန်းကျင်းအား ၁၉၈၁-၁၉၈၂ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ကာ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်စီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်မှုများရပ်တန့်ခဲ့သည်။

ဂျောင်ဝိုင်းလွန်းကျင်း၏ သက်တမ်းသည် ၃၆ နှစ်ကြာမြင့်ပြီဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီး ဆုံးရှုံးမှုများပိုမိုများလာနိုင်၍ လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here