ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များမှ မိသားစုဝင်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရ

0
179

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာ (၈) ရက်နံနက် (၆) နာရီခွဲခန့်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည် ။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများနှင့် လမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ဒီတစ်ကြိမ်က ပဲခူးမှာရေကြီးတာ ဒုတိယအကြိမ်ပါ။ ပထမတစ်ကြိမ်တုန်းကလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး ကူညီကယ်ဆယ်ခဲ့ရတယ်။ အဲဒီတုန်းက ရေကြီးတာရက်နည်းနည်းကြာတယ်။ ဒီတစ်ကြိမ်ကတော့ ဘယ်လောက်ကြာမလဲ မသိရသေးဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

“ပဲခူးမှာ မိုး​စွေ​နေတာ ၄ရက်​လောက်ရှိ​နေပြီ။ တနှစ်ထက်တနှစ်လည်း ​ရေကြီးတာ သိသာလာတယ်”ဟု မြို့ခံတစ်ဦးကဆိုသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည့် နေအိမ်များတွင် နေထိုင်သူများအား ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းသည့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ (၈) ရက် ယနေ့ နံနက် (၇) နာရီထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် (၂၄) နာရီအတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မိုးရွာသွန်းမှုများကြောင့် ငမိုးရိပ်‌ ရေလှောင်တမံ၏ ရေပိုလွှဲမှ (၄) ပေကျော်၊မဟူရာတမံ ရေပိုလွှဲမှ (၂) ပေကျော်၊ ပေါင်းလင်းတမံ ရေပိုလွှဲမှ (၃) ပေကျော် ရေများကျော်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here