Siam Paragon ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေ-ဆုံးခဲ့သည့် မြန်မာအမျိုးသမီး မမိုးမြင့်၏ နာရေး အခမ်းအနား ပြုလုပ်

0
262

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေ-ဆုံးခဲ့ရသည့် မြန်မာအမျိုးသမီး မမိုးမြင့် (၃၁) နှစ်၏ ဈာပနအခမ်းအနားကို ယနေ့ အောက်တိုဘာ (၈) ရက် နံနက်ပိုင်းက နထွန်ဘူရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာ ကုန်တိုက်တွင် အောက်တိုဘာ (၃) ရက်က အသက် (၁၄) နှစ် အရွယ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် မမိုးမြင့် အပါအဝင် (၂) ဦး သေ-ဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

မမိုးမြင့်သည် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို အလုပ်လုပ်ကိုင်ကာ ထောက်ပံ့ပေးနေသူ တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူအနေဖြင့် မမိုးမြင့်၏ ဈာပနအခမ်းအနားသို့ ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ မမိုးမြင့်၏ ဈာပနအခမ်းအနားသို့ ထိုင်းတရားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး သေဆုံးခဲ့ရသူများအတွက် ကနဦး နစ်နာကြေးအဖြစ် ဘတ်ငွေ (၂) သိန်းစီ ပေး အပ်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်ကလည်း မမိုးမြင့်၏ ဈာပန အခမ်းအနား ပြင်ဆင်နေချိန်မှာ အမျိုးသားငယ် သေနတ်သမား၏ ဖခင်ဖြစ်သူက မမိုးမြင့် အလုပ်ရှင်နှင့် မိသားစုကို လာရောက် တောင်းပန်စကားပြောဆိုခဲ့သေးကြောင်းလည်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူ အသက် (၁၄) နှစ် အရွယ် အမျိုးသားငယ်ကို စိတ်ကျန်းမာရေးကုသရန် ဆရာဝန်များ၏ အကြံဉာဏ်ရယူပြီး ဂေယာရာဂျန်ဂျာရင်ဒရာဆေးသိပ္ပံ (Galya Rajanagarindra Institute) သို့ တက်ရောက်စေဖို့ရှိနေကြောင်း ထိုင်းတရားရေးဝန်ကြီး တဝီဆော့ဆောင်က အောက်တိုဘာ (၆) ရက်က ပြောဆိုထားသည်။

လက်ရှိ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ အမျိုးသားငယ်မှာ လူသတ်မှုနှင့် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုအပါအဝင် စွဲချက် (၅) ခုဖြင့် တရားရင်ဆိုင်နေရပြီး ထိုင်းလူငယ်ဗဟိုနှင့် မိသားစုဆိုင်ရာ တရားရုံးက ၎င်းကို Juvenile Observation and Protection Centre တွင် အောက်တိုဘာ (၄) ရက်မှ စ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

မမိုးမြင့် သေဆုံးခဲ့သည့်အပေါ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း ထိုင်းနိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် ရဲအရာရှိဟောင်းတစ်ဦး၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် (၂၂) ဦး သေ-ဆုံးခဲ့မှုဖြစ်ပွားခဲ့သေးသည်။

Photo – PPTV HD 36


LEAVE A REPLY

Please enter your comment!
Please enter your name here