ရထားလမ်းများကိုယခုထက်ပို၍ ကြံ့ခိုင်မှုရှိစေရန် သုတေသနပြုဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
168

နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(မလွှကုန်း)အတွင်း စက်ခေါင်းများပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဥ်တာဝန်ရှိသူများအားမှာကြားခဲ့ခြင်းဖြစ်သည်။

စက်ခေါင်းများအား ပြုပြင်ရမည့်အဆင့်အလိုက်၊ထိန်းသိမ်းရမည့်အဆင့်အလိုက် မပျက်မကွက်ဆောင်ရွက်သွားရမည်ဖြစ်ကာ ရထားစီးခရီးသည်များအတွက် ဆွဲဆောင်မှုရှိရန်လိုသည်ဟုဆိုသည်။

“ရထားလမ်းတွေ အခုထက်ပိုပြီး ကြံ့ခိုင်မှုရှိစေဖို့ သုတေသနပြုဆောင်ရွက်သွားရပါမယ်၊ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ စက်ရုံ၊အလုပ်ရုံတွေဖြစ်ပေမယ့် သန့်ရှင်းသပ်ရပ်မှုရှိဖို့ အသုံးပြုတဲ့ ကိရိယာပစ္စည်းတွေ စနစ်တကျရှိစေဖို့ တန်ဖိုးထားပြီး ထိန်းသိမ်းလုပ်ဆောင်သွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် မလွှကုန်းတွဲပြင်အလုပ်ရုံ၌ ဂျပန်နိုင်ငံ West Corporation မှမြန်မာ့မီးရထားသို့လှူဒါန်းထားသည့် RBE အစီး ၃၀ ၏အတွင်းပိုင်းအပြင်အဆင်များနှင့်စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဥ် ယခု ရထားများသည် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းနှင့်ခရီးတိုပြေးဆွဲနိုင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်၍ ကြံ့ခိုင်ရေး၊သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် ရထားစီးခရီးသည်များ အဆင့်မီစွာစီးနင်းအသုံးပြုနိုင်ရေးလိုအပ်သည်များကို မပြတ် စောင့်ကြည့်ဆောင်ရွက်သွားရန်လည်း နစက ဥက္ကဋ္ဌမှ မှာကြားခဲ့ကြောင်း သိရသည်။

ထို့အတူ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြန်မာ့မီးရထားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရေနွေးငွေ့သုံးမီးရထားစက်ခေါင်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးစဥ် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများအား ပြန်လည်အသုံးပြုနိုင်ရေးဆောင်ရွက်ရန်နှင့်စနစ်တကျထိန်းသိမ်းထားရန်လည်း နစက ဥက္ကဋ္ဌမှ မှာကြားခဲ့ကြောင်း သိရသည်။

မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း(၉၀၂၁)တွဲကိုအသုံး ပြု၍ ကုန်စည်သယ်ယူပို့ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး (၁၉၄၀-၁၉၄၁)ခုနှစ်တွင်ကုန်တန်ချိန် (၄,၀၃၀,၆၅၃) တန် အထိ အများဆုံးသယ်ယူပို့ဆောင်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here