ပဲခူးမြို့ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့တွင်ရေကျော်နေ၍ ရထားခရီးစဥ် ၄ ခုအားယာယီရပ်နားခဲ့ရ

0
450

ပဲခူးတိုင်းအတွင်း အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှု၊ဇောင်းတူဆည်နှင့်ကဒူကွင်းဆည်တို့၏ ရေပိုလွှဲမှရေကျော်စီးဆင်းမှုတို့ကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့တွင်ရေကျော်နေသဖြင့် ရထားခရီးစဥ် ၄ ခုအားယာယီရပ်နားခဲ့ရကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရထားလမ်းရေကျော်ရာတွင် ပဲခူးမြို့နယ်၊ပဲခူးဘူတာနှင့်ရွှေလှေဘူတာကြား ရထားလမ်းမိုင်တိုင်အမှတ် ၅၀/၃ နှင့် ၅၀/၇ ကြား အလျားပေ ၅၀၀ ခန့်၌ ရထားသံလမ်းအပေါ်သို့ ၁၈ လက်မခန့်ရေများကျော်တက်လျက်ရှိ၍ ရထားများဖြတ်သန်းသွားလာမရဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် မန္တလေးမှထွက်ခွာလာသည့် အမှတ် (၄)အစုန် လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာ၌ နံနက် ၈ နာရီ၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှထွက်ခွာလာသော အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် ဝေါဘူတာ၌ မွန်းလွဲ ၂ နာရီခွဲတို့တွင်ရောက်ရှိရပ်တန့်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ရောက်ရှိခဲ့ရာ ရေကျမည့်အချိန်အား စောင့်ဆိုင်းနေရသဖြင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက ပျဉ်ပုံကြီးဘူတာတွင်ရှိနေသော အမှတ် (၄)အစုန် လူစီးအမြန်ရထားမှခရီးသည် ၃၀၀ ဦးခန့်အား နေ့လည်စာထမင်းဘူးများ၊သောက်ရေ/သုံးရေများအဆင်ပြေစေရန်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မွန်းလွဲ ၂ နာရီ၌ ယင်း ရထားပေါ်မှ ရန်ကုန်မြို့သို့သွားရောက်မည့် ခရီးသည် ၂၂၅ ဦးအား အဝေးပြေးခရီးသည်တင်ကား ၅ စီးဖြင့် ပျဉ်ပုံကြီးမှရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထို့ပြင် အမှတ်(၈၂)အစုန် အမြန်ရထားတွဲဆိုင်းအား ကလိဘူတာသို့ရွှေ့ပြောင်းပြီးနောက် ခရီးသည် ၅၇၀ ဦးအား အဝေးပြေးခရီးသည်တင်ကား ၁၀ စီးဖြင့် ရန်ကုန်ဘူတာကြီးသို့ပို့ဆောင်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရထားလမ်းရေကျော်နေ၍ ရထားများဖြတ်သန်းသွားလာနိုင်ခြင်းမရှိသေးသဖြင့် မြန်မာ့မီးရထားမှ ယနေ့ညနေပိုင်းတွင် ရန်ကုန်နှင့်မန္တလေးတို့မှ စတင်ထွက်ခွာမည့် အစုန်/အဆန် အမြန်ရထား(၄) စင်း၏ ခရီးစဉ်များကိုယာယီဖျက်သိမ်းခဲ့ကာ မြန်မာ့မီးရထားဝန်ထမ်းများမှ ဖောင်တော်သီဘူတာရှိ ၆”x၉” ကျောက်ကြီးများအား ရေဖုံးလွှမ်းနေသည့် လမ်းပိုင်းအတွင်းချယူ၍ ရထားလမ်းကြံ့ခိုင်မှုရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေကျော်နေသည့် ရထားလမ်းပိုင်းအတွင်း ရေပြန်လည်ကျဆင်းသွားချိန်တွင် လမ်းကြံ့ခိုင်မှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမွမ်းမံပြင်ဆင်ပြီးပါက ယာယီရပ်နားခဲ့ရသည့် ရထားခရီးစဉ်များအား ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here