ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွား​ရောက်

0
382

ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများမှ အောက်တိုဘာ (၈) ရက်က လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်​နေကြောင်း သိရသည်။ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ ဒုတပ်မမှူးနှင့်အတူ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့အတွင်း မြေနိမ့်ရပ်ကွက်များဖြစ်သည့် မြိုသစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိရာ ၎င်းအခြေအနေများကို နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေကို ရှေးဦးစွာ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အနောက်ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ်ကျောင်းနှင့် ဒက္ခိဏသာခါရာမ ကျောင်းတိုက်များရှိ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားသောက်နိုင်ရေး ဆန်၊ ဆီ၊ အသား၊ ငါး၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၊ ဗုဒ္ဓအသံ ဓမ္မဗိမာန်၌ ဖွင့်လှစ်ထားသည့် တိုင်းဒေသကြီး သဘောဝဘေးကွပ်ကဲမှုရုံးသို့ သွားရောက်ကာ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ကြီးကြပ်သူ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ခံများနှင့် တွေ့ဆုံကာ ရေဘေးကယ်ဆယ်ရေးစခန်းများအလိုက် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေပေးထားရန်၊ ကူးစက်ရောဂါကျရောက်မှု မရှိစေရေး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ထားရှိပေးရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် ရေဝင်ရောက်နေသည့် မြေနိမ့်ရပ်ကွက်များသို့ စက်လှေများ ဖြန့်ခွဲထားရှိရန်၊ ရေဘေးသတိပေးချက်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ရန်၊ ကားလမ်းရေကျော်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး စနစ်တကျ စီမံလုပ်ဆောင်ရန်၊ ရေဝင်ရောက်သည့် ရပ်ကွက်များအား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းလုပ် ဆောင်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်သို့အောက်တိုဘာ (၈) ရက် နေ့လယ်ပိုင်းက စတင်ကာ ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၂၂)ခု၌ လူဦးရေ (၅၆၄၈)ဦး လာရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေး စခန်းများအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်အိတ်(၁၀၀)နှင့် ဆီပိဿာ (၂၀၀)၊ ကြက်ဥ၊ ဘဲဥနှင့် ငါးများ ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here