အမေရိကန်တွင်အကျဉ်းကျနေသည့် ပါလက်စတိုင်းများနှင့် ဓားစာခံများလဲလှယ်ရန် ဟားမတ်စ်တို့ စီစဉ်နေ

0
296

အမေရိကန်နှင့် အစ္စရေး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းလူမျိုးများနှင့် လက်ရှိဖမ်းဆီးထားသော အစ္စရေးဓားစာခံများ လဲလှယ်ရေး ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် ဟားမတ်စ်တို့ စီစဉ်နေကြောင်းသိရသည်။

“ဟားမတ်စ်ကို ငွေကြေးထောက်ပံ့မှုနဲ့ အမေရိကမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေရှိတယ်။ သူတို့ကို လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုသွားမှာပါ” ဟု ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူ Ali Barakeh က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အစ္စရေးတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအားလုံး လွတ်မြောက်ရေးအတွက် ဟားမတ်စ်က ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲခြင်းနှင့် ရှည်လျားသောစစ်ပွဲ အပါအဝင် ဖြစ်ပွားနေသောပဋိပက္ခ၏ “အခြေအနေအားလုံး” အတွက် အဆင်သင့်ရှိနေကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၁၄ ခုနှစ် ကစ၍ ဟားမတ်စ်သည် ၎င်း၏ကိုယ်ပိုင် တိုက်ခိုက်ရေးသမားများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၎င်း၏ကိုယ်ပိုင် ဒုံးပျံများကိုလည်း ထုတ်လုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ဟားမတ်စ်၏ ကြီးမားသောတိုက်ခိုက်မှုဖြစ်လာရခြင်းအကြောင်းရင်းမှာ အစ္စရေးအစိုးရ၏ လုပ်ရပ်နှင့် အစ္စရေးက ထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများအပေါ် ဖိအားများ တိုးမြင့်လာခြင်းများကြောင့်ဖြစ်ကြောင်း Ali Barakeh က ထောက်ပြခဲ့သည်။

အစ္စရေးပိုင်နက်အတွင်း ဂါဇာကမ်းမြှောင်မှ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းတွင် အောက်တိုဘာ ၇ ရက်မှစတင်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရတရားဝင်ကိန်းဂဏန်းများအရ ပါလက်စတိုင်း ၇၀၀ နီးပါးသေဆုံးပြီး ၃၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို၊ အစ္စရေး ၈၀၀ ခန့် သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးကလည်း ဂါဇာကမ်းမြှောင်ဒေသကို အလုံးစုံ ပိတ်ဆို့ထားပြီး စစ်ဖြစ်နေကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here