ရန်ကုန် – မန္တလေး အမြန်လမ်း (၁၂) မိုင်အနီးရှိ ကျေးရွာ (၅) ရွာ ရေနစ်မြှုပ်နေပြီး အရေးပေါ် ကူညီကယ်ဆယ်‌ရေး လိုအပ်နေ

0
385

ရေဘေးသင့်ပြည်သူ အများစုတွင် မျက်စိနာဝေဒနာဖြစ်နေ

ရန်ကုန် – မန္တလေး အမြန်လမ်း (၁၂) မိုင်အနီးရှိ ကျေးရွာ (၅) ရွာတွင် ရေနစ်မြှုပ်နေပြီး ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း အချိန်အထိ အရေးပေါ် ကူညီကယ်ဆယ်‌ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာ (၅) ရွာအတွင်း နေထိုင်သည့် မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသွားမလာနိုင်သူ အချို့ကိုလည်း ကယ်ထုတ်ရန် ကျန်ရှိနေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြသည့် ရန်ကုန်အခြေစိုက်လူမှုကူညီရေး ပရဟိတလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ရေနစ်မြုပ်မှုဖြစ်ပေါ်နေသည့် ကျေးရွာ (၅) ရွာအတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ရပ်ရွာက ကျွေးမွေးစောင့်ရှောက် နေရကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါ ရေနစ်မြှုပ်နေသည့် ကျေးရွာ (၅) ရွာမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာနယ်ထဲ ပါဝင်သည့် ကျေးရွာများဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်းမှ ရေဘေးသင့် အိမ်ထောင်စုများ ဒေသခံများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် ပေးနေကြောင်း သိရသည်။

လက်ရှိ ရေဘေးသင့်ပြည်သူ အများစုတွင် မျက်စိနာ ရောဂါခံစားရမှုများရှိပြီး ပရဟိတအသင်းမှ အသင့်ပါလာသည့်ဆေးဝါးများဖြင့် ကုသပေးနေရပြီး ဖျားနာရောဂါ၊ ဗိုက်အောင့်၊ ဗိုက်နာနှင့် နာတာရှည် လူနာများကိုလည်း ဆေးဝါးကုသပေးခဲ့ရကြောင်း သိရသည်။

ရွှေလှောင်းလှေ ပရဟိတဖောင်ဒေးရှင်းအနေဖြင့်လည်း ကယ်ဆယ်ရန်ကျန်ရှိနေသည့် ဘေးအန္တရာယ် ထိရောက်နိုင်ချေ အများဆုံးဖြစ်သော သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များ၊ မသန်စွမ်းများ၊ ဘိုးဘွားများ၊ ပြောင်းရွှေ့ရန်ခက်ခဲသူအချို့ကိုလည်း ကယ်ဆယ်ရေးပစ္စည်း အစုံအလင်ဖြင့် ထပ်မံ၍ သွားရောက် ကယ်ဆယ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here