ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းရှိ ဇလပ်ထော် ရေလှောင်တမံမှ ရေများအား ဇလပ်ထော်ချောင်းအတွင်းသို့ ဖောက်ထုတ်သွားမည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားသာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနမှတဆင့် အသိပေးထုတ်ပြန်ထားသည်။
အောက်တိုဘာ (၈) ရက်မှ စတင်ကာ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇလပ်ထော်ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြုပြင်ခဲ့ပြီးဖြစ်သော်လည်း ဖြစ်စဉ်အမှန်ပေါ်အခြေခံ၍ ဇလပ်ထော်ရေလှောင်တမံအတွင်းမှ ရေများအား ဇလပ်ထော်ချောင်းအတွင်းသို့ ဖောက်ထုတ်သွားမည်ဖြစ်၍ အနီးရှိကျေးရွာများ၌ ရေကြီးမည်ဟု သတင်းအမှားများ ထွက်ပေါ်နေခြင်းသည် လုပ်ကြံသတင်း၊ သတင်းမှားသာ ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။