ပဲခူးမြို့တွင် ရေများပြန်လည်ကျဆင်းလာ

0
501

ပဲခူးတိုင်း၊ပဲခူးမြို့တွင် အောက်တိုဘာ ၈ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် တစ်မြို့လုံးနီးပါးရှိ နေအိမ်များအတွင်းနှင့်လမ်းများပေါ်၌ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ရာမှ အောက်တိုဘာ ၁၁ ရက်(ယနေ့)နံနက်ပိုင်းမှစတင်၍ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးလျက်ရှိသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

“မနေ့ကညပိုင်းထဲကနည်းနည်းကျသွားတာ ဒီနေ့မနက်မှာအတော်ကြီးကိုသိသိသာသာကျသွားတယ် အမြင့်ပိုင်းရပ်ကွက်တွေက လမ်းတွေပေါ်မှာရေမရှိသလောက်ဖြစ်သွားပြီ အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေရှိသေးတာပေါ့ ဒီနေ့မိုးလည်းမရွာတော့ ဆက်တိုက်ကျသွားမှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေပြန်လည်ကျဆင်းသွားသည့် ဘုရားလမ်း၊အုန်းပင်တန်းလမ်း၊နာရီစင်လမ်း၊အ မှတ်(၃)ကျောင်းလမ်း၊ကျောက်တွင်းကုန်းလမ်း၊ကလိဘုရားကြီးလမ်းများပေါ်တွင် ဆိုင်ကယ်နှင့်ကားလေးများဖြတ်သန်းသွားလာမှုရှိနေကြောင်း သိရသည်။

“ရေပြန်ကျသွားတဲ့အတွက် ဒီနေ့မနက်မှာ ပဲခူးစျေးကိုလည်းပြန်ဖွင့်တာတွေ့ရတယ် အရင်ရက်တွေကရေကြီးတော့ စျေးပိတ်ထားရတာ စျေးသည်တွေကော စျေးလာဝယ်တဲ့လူတွေကောများတယ် ပဲခူးစျေးက ၃ ရက်လောက်ပိတ်ထားခဲ့ရတာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် ပဲခူးမြို့၏အထင်ကရဖြစ်သည့် လိပ်ပြာကန်ရှေ့ရှိ သနပ်ပင်လမ်းမပေါ်တွင်လည်း အောက်တိုဘာ ၁၀ ရက်ညပိုင်းမှစတင်ကာ ရေများပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပဲခူးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၃၉ ၏ရေကျော်နေသည့်နေရာတွင်လည်း ရေများပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းမှစတင်ကာ ကားလေးများပြန်လည်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နှင့်ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း အောက်တိုဘာ ၈ ရက်မှစတင်ကာ ရေကြီးခဲ့သဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၄၀ ကျော်ဖွင့်လှစ်ခဲ့ရကာ လူဦးရေ သောင်းကျော်ရေဘေးဒုက္ခများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here