အစ္စရေးစစ်တပ်အတွက် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသော ပထမဆုံး အမေရိကန် လေယာဉ် ဆိုက်ရောက်

0
196

အစ္စရေးစစ်တပ်အတွက် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသော ပထမဆုံး အမေရိကန် လေယာဉ်သည် ယနေ့ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အစ္စရေးနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“လက်နက် ခဲယမ်းတွေ တင်ဆောင်လာတဲ့ ပထမဆုံး အမေရိကန် လေယာဉ်ဟာ အစ္စရေးနိုင်ငံကို ဆင်းသက်ခဲ့ပါတယ်။ အဆင့်မြင့် ခဲယမ်းမီးကျောက်များပါတဲ့ အဲဒီလေယာဉ်ဟာ နီဗာတီ လေတပ်စခန်းကို ဆင်းသက်ခဲ့ပါတယ်။ အဲဒီ လက်နက်ခဲယမ်းတွေကတော့ ဟားမတ်စ်တွေကို ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့နဲ့ နောက်ထပ် ဖြစ်ပွားလာမယ့် အခြေအနေများအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့အတွက်ပါ” ဟု IDF သတင်းဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က အမေရိကန်၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ စစ်တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ အားကောင်းပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ ကျနော်တို့ ဘုံရန်သူတွေ သိပါတယ်” ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးပိုင်နက်အတွင်း ဟားမတ်စ်စစ်သွေးကြွများ၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ နောက်ဆုံးရသတင်းများအရ တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်း ၉၀၀ ခန့် သေ-ဆုံးကာ ၄၅၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အစ္စရေး ၁၀၀၀ ကျော် သေ-ဆုံးကာ ၃၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဟားမတ်စ်က ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီအား အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟားမတ်စ်တို့က ပြောကြားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံပိတ်ဆို့ထားပြီး စစ်ဖြစ်နေကြောင်း ကြေညာခဲ့သည်။ ဟားမတ်စ်တို့ကလည်း ရှည်လျားသောစစ်ပွဲ အပါအဝင် ဖြစ်ပွားနေသောပဋိပက္ခ၏ “အခြေအနေအားလုံး” အတွက် အဆင်သင့်ရှိနေကြောင်းကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here