ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် မော်တော်ယာဉ် တော်တော်များများ ပြန်လည်သွားလာနိုင်ပြီ

0
266

ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်တွင် ရေများ ပြန်လည်ကျဆင်းလာခဲ့ပြီဖြစ်ကြောင်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် မော်တော်ယာဉ် တော်တော်များများ ပြန်လည်သွားလာရန် အဆင်ပြေနေပြီဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း ကိုအိနု (Koinu)ကြောင့် မြန်မာနိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရာ ပဲခူးမြို့တွင် အနှစ် ၆၀ ကျော်အတွင်း စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ကားတော်တော်များများ သွားလို့အဆင်ပြေနေပါပြီ။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းကော်မတီ)က နယ်မြေခံအဖွဲ့တွေနဲ့ Speedboat (၃)စီးဖြင့် ဆက်လက်ကူညီနေဆဲပါ။ ကူညီထောက်ပံ့ဖို့တော့ လိုနေပါတယ်။ ဖုန်းလိုင်းတွေလည်း ပြန်ကောင်းနေပါပြီ။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းကော်မတီ)က တာဝန်ရှိသူက ပြောသည်။

ပဲခူးမြို့ ရေကြီးမှုမှာကြောင့် အမြင့်ပိုင်း ရပ်ကွက်များ၊ ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေး အပါအဝင် မြို့လယ်ခေါင်ရှိ နေရာအားလုံးနှင့် ညွှန့်ရုပ်ရှင်ရုံလမ်း၊ မှော်ကန်တို့တွင်လည်း လက်ရှိတွင် ရေပြန်ကျနေပြီဖြစ်ကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတားတာဘောင်များ ရေကျော်ခဲ့ခြင်းကြောင့်လည်း ကျောက်ကြီးစုရပ်ကွက်ရှိ ပဲခူးမြစ်ရေတားတာပေါင် ရေကျော်နေမှု၊ ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြစ်ပန်းလှိုင် ရေတားတာဘောင်ရေကျော်နေမှုတို့အား အရေးပေါ်သဲအိတ်များချခြင်း၊ မျှောရိုက်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ပဲခူးမြို့ ရေကြီးမှုမှာ အရေးပေါ်အခြေအနေသို့ မရောက်စဖူး ရောက်ရှိခဲ့ရပြီး ကယ်ဆယ်ရေး စခန်း (၄၀) ကျော် ဖွင့်လှစ်ထားရှိခဲ့ရကာ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့ရကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့တွင် အောက်တိုဘာ (၁၀) ရက် နံနက်ပိုင်းအထိ ရေကြီးနစ်မြုပ်ဆဲဖြစ်ပြီး ရေပြန်မကျသေးဘဲ အောက်တိုဘာ (၁၁) ရက် နံနက်ပိုင်းမှသာ ရေများပြန်လည်ကျဆင်းခဲ့ပြီး အဆိုပါ ရေကြီးမှုမှာ ပဲခူးမြို့အတွင်း (၈၀)ရာခိုင်နှုန်းခန့် ရေနစ်မြုပ်ခဲ့ရကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးမြို့အပါဝင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ မှော်ဘီမြို့တို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကူညီပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here