ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၂,၃၁၇ ဦး အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းထားပြီးဖြစ်

0
227

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၂,၃၁၇ ဦး အထိ တရုတ်နိုင်ငံသို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြထားချက်အရ သိရသည်။

ယခုရက်ပိုင်း အစောပိုင်းကာလဆက်သွယ်ရေး လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၄၉၇ ဦးကို နှစ်သုတ်ခွဲ၍ လျင်ချန်း ပြည်သူ့လုံခြုံရေးဌာနသို့ လည်းကောင်း၊ သံသယ တရားခံ ၂၀၉ ဦး ကို ဖူအော် ပြည်သူ့ လုံခြုံရေးဌာနသို့လည်းကောင်း လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းတို့အနက် တရားခံပြေး ၂၆ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ လမ်းညွှန် စီမံမှုအောက်တွင် ဖူအော် ပြည်သူ့လုံခြုံရေးဌာနက ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံ ၂၀၉ ဦးကို အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နှင့် အောက်တိုဘာ ၇ ရက်တို့တွင် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေး ဌာနများက တရုတ်နိုင်ငံသို့ ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၄၉၇ ဦးကို နှစ်သုတ်ခွဲ၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သူ သံသယ တရားခံ ၂,၃၁၇ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသည့် တရားခံများအနက် နောက်ကွယ်မှ “ထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံ အဖွဲ့ဝင် ၂၃ ဦး၊ တရားခံပြေး ၉၄ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးရွားနေသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနှင့် သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ နယ်စပ်ဒေသ ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းမှုများကို စဉ်ဆက်မပြတ် အားဖြည့်ကာ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ၊ ဖူအော်စသည့် ဒေသများရှိ ပြည်သူ့လုံခြုံရေးဌာနများသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့် နယ်စပ် ဒေသ ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိ သံသယ တရားခံများကို တရုတ်နိုင်ငံအတွင်း မွန်ဂိုလီးယား၊ ဟေးလုံကျန်း၊ ကျဲ့ကျန်း၊ အန်းဟွေး၊ ဖူကျန့်၊ ဟဲနန်၊ ချုံချင့်စသည့် သက်ဆိုင်ရာဒေသ ပြည်သူ့လုံခြုံရေးဌာနများက ထိန်းသိမ်းခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here