ပဲခူးမြစ်နှင့် ဧရာဝတီမြစ် အပါအဝင် မြစ်ကြီး (၉) ခုမှ မြစ်ရေများ အောက်တိုဘာ ဒုတိယပတ်အတွင်း လက်ရှိရေမှတ်များအထက် ဆက်လက်မြင့်တက်နိုင်

0
189

ပဲခူးမြစ်နှင့် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး (၉) ခုမှ မြစ်ရေများသည် အောက်တိုဘာ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြို့အချို့၏ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ (၁၁) ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှတ်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ ပဲခူးမြစ်ရေသည် အောက်တိုဘာ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၇) ပေမှ (၈) ပေခန့်အထိ လက်ရှိရေအမှတ်အထက်သို့ ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တ လေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် လက်ရှိရေမှတ်များအထက် (၃)ပေမှ (၄)ပေခွဲခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။

ထို့ပြင် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်လည်း (၁) ပေခွဲမှ (၂) ပေခွဲခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်များအထက် (၁) ပေခွဲမှ (၃) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

အလားတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ(၂)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁) ပေခန့် လက်ရှိရေမှတ်များ အထက်သို့ မြင့်တက်နိုင်ကြောင်း သိရသည်။

ထို့ပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁) ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၅)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here