ကုန်သွယ်ရေးမူဝါဒ ကန့်သတ်ချက်များကြောင့် မောင်တောနယ်စပ်ကုန်သွယ်မှုလျော့ကျနေ

0
181

မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးအခြေအနေကိုကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“မူဝါဒတွေ ကန့်သတ်ချက်တွေကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးက တော်တော်ကြီးကို လျော့သွားတာ။ ဘယ်လိုမှ အဆင်မပြေဘူး။ ကုန်သွယ်မှုက မရပ်တော့ မရပ်သေးဘူး။ ရပ်ဆိုင်းလုနီးပါးဖြစ်နေတာ”ဟု မောင်တောနယ်စပ်မှပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်မှ စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီစသည့် စိုက်ပျိုး ရေးထွက်ကုန်များအပြင် ရေချို၊ ရေငန်ငါးမျိုးစုံကို မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ စစ်တွေ ကုန်သွယ်ရေးစခန်းသို့ ပြောင်းလဲတင်ပို့ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ (၁) ရက်မှစပြီး ငါးမြစ်ချင်းများကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် ငါးတန်ချိန် ၄၀ ပြည့်မီအောင် စောင့်ဆိုင်းနေရခြင်း၊ပင်လယ်ပြင်ကို အချိန်ကြာမြင့်စွာ ဖြတ်သန်းရခြင်း၊ရာသီဥတု ဆိုးရွားသည့် အတွက် ပြန်လှည့်လာရခြင်းတို့ကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းလည်း သိရသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒေါ်လာနှင့် အဓိကကုန်သွယ်မှုပြုလုပ်သည့် စခန်းတစ်ခုဖြစ်ပြီး နိုင်ငံအတွက် ဒေါ်လာဝင်ငွေအများဆုံး ရှာပေးနေသည့် အဓိကကုန်သွယ်ရေးစခန်းတစ်ခုလည်း ဖြစ်သည်။

ယခုဘဏ္ဍာနှစ်၏ ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈၂ သန်းရရှိထားပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၄၅ သန်းရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here