ဧရာဝတီတိုင်းရှိ ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ လျှပ်စစ် လိုအပ်ချက်အတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်၊ရေအားလျှပ်စစ်စနစ်များဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိ

0
209

ဧရာဝတီတိုင်းရှိ ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ လျှပ်စစ် လိုအပ်ချက်အတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်၊ရေအားလျှပ်စစ်စနစ်များဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောသည်။

အောက်တိုဘာ (၁၁) ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းသည် ငွေဆောင်နှင့် ချောင်းသာကမ်းခြေခရီးသွားလုပ်ငန်းများအပြင် ဘုရားဖူးခရီးစဉ်များလည်း ဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ တိုင်းဒေသကြီးတစ်ခုလုံးအတိုင်းအတာဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွား ဝင်ရောက်မှု (၁၁)သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောကြားချက်အရသိရသည်။

ထို့ကြောင့် ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊လေအားလျှပ်စစ်၊ရေအားလျှပ်စစ်စနစ်များဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်လျက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ ပေးရသည့်ငွေကြေးတန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများ၊ သန့်ရှင်းလတ်ဆက်သည့်အစားအစာများ၊ ဧည့်ဝတ်ကျေပွန်မှုများဖြင့် ဧည့်သည်များ စိတ်ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့သည်။

“လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ထပ်ကာထပ်ကာ လာချင်စိတ်တွေဖြစ်အောင် စိတ်ဝင်စားဖွယ်ရာတွေနဲ့ ဆွဲဆောင်ဖို့လိုပါတယ်။ နောက်ပြီး တိုင်းဒေသကြီးအတွင်းက ထွက်ရှိတဲ့ ကြိမ်ထည်ပစ္စည်းတွေကို ဟိုတယ်တွေမှာ အသုံးပြုပြသရောင်းချပေးနိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းမှထွက်ရှိသည့် ဧရာဝတီပေါ်ဆန်းဆန်အပါအဝင် စားသောက်ကုန်များ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင်၊အုန်း အသုံးပြုလက်မှုပစ္စည်းများသည်လည်း ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပစ္စည်းများဖြစ်၍ ဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များအနေဖြင့် အရည်အသွေးကောင်းကောင်း၊ ထုပ်ပိုးမှုပုံစံ ကောင်းကောင်းဖြင့် မြင်သည်နှင့် ဝယ်ချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here