မြန်မာလုပ်သားများ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေ ပြန်လည်ထုတ်ယူနိုင်

0
338

မလေးရှားရောက် မြန်မာလုပ်သားများအနေဖြင့် ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေများကို ပြန်လည်ထုတ်ယူနိုင်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အသိပေး ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံ၏ ၁၉၉၁ ခုနှစ်၊ ဝန်ထမ်းထောက်ပံ့ရေး စုဆောင်းငွေ အက်ဥပဒေအရ EPF စုငွေများကို ထည့်ဝင်စုဆောင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုဆောင်းငွေထည့်သွင်းခဲ့ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ စုငွေများကို ထုတ်ယူခြင်းမရှိပဲ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

ထို့ကြောင့် EPF အနေဖြင့် (၃)နှစ်ဆက်တိုက် စုဆောင်းငွေထည့်သွင်းခြင်းမရှိတော့သည့် အဖွဲ့ဝင်များ၏ စုငွေများကို Unclaimed Money Management Division (BWTD)ဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ EPF စုဆောင်းငွေထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ စုဆောင်းငွေများအား ပြန်လည်ထုတ်ယူနိုင်သည့်အပြင် စုဆောင်းငွေထည့်သွင်းထားပြီး ငွေများအား ထုတ်ယူခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများအနေဖြင့်လည်း EPF သို့မဟုတ် BWTD သို့ လိုအပ်သည့် စာရွက်စာတမ်းများကို တင်ပြပြီး ပြန်လည်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EPF စုဆောင်းငွေများ ထည့်သွင်းထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် စုဆောင်းငွေများနှင့် ပတ်သက်၍ သိရှိလိုပါက EPF ၏ Website ဖြစ်သည့် www.kwsp.gov.my သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here