မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေး (MACCS) စနစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထပ်မံတိုးချဲ့ လုပ်ဆောင်

0
294

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System -MACCS) ကို ဂျပန်အစိုးရ အကူအညီဖြင့် ရန်ကုန်တွင် ၂၀၁၆ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင် တာချီလိတ်၌ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၁၁) ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS)စနစ် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

MACCS စနစ်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်ဒေသသို့ ထပ်မံတိုးချဲ့ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

တာချီလိတ် နယ်စပ်ဒေသ သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းများကို ယခုလက်ရှိလုပ်ဆောင်နေသည့် စာရွက်စာတမ်းတင်ပြရသော Manual စနစ်မှ Automation အလိုအလျောက် MACCS စနစ်ကို ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်သည့်အတွက် တင်သွင်း၊ တင်ပို့သူလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များအနေဖြင့် သိရှိထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System -MACCS) ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ရေး နယ်စပ်ဒေသများသို တိုးချဲ့ခဲ့ရာ မြဝတီ၊ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဒေသတို့တွင် အသုံးပြုလျက် ရှိကြောင်း သိရသည်။

MACCS စနစ်မှာ ရှမ်းပြည်နယ်ဒေသဖွံဖြိုးရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုသည့် စနစ်ဖြစ်သည့် အတွက် မိမိတို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည်ဟုလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက MACCS စနစ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here