စားသုံးရန်မသင့်သည့် အစားအသောက် (၁၉) မျိုးကို FDA မှ အသိပေးထုတ်ပြန်

0
363

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်‌ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်သူများ စားသုံးရန် မသင့်သည့် အစားအသောက် (၁၉) မျိုးကို ယနေ့ အောက်တိုဘာ (၁၂) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှတဆင့် ဝယ်ယူ စစ်ဆေးရာတွင် ယခုဖော်ပြထားသည့် အစားအသောက်များမှာ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ခွင့်မပြုသည့် တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြု‌သည့် ဆိုးဆေးများပါဝင်မှုနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲထားသည်ကို စစ်‌ဆေးတွေ့ရှိရကြောင်း FDA က အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်ဆီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့်အတွက် ယခုထုတ်ပြန်ထားသည့် အစားအသောက်များကို နောက်ထက်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေးထားသည်။

အဆိုပါ အစားအသောက် (၁၉) မျိုးတွင် အများစုမှာ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချနေခြင်းဖြစ်ပြီး ရှမ်းပြည်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှလည်း ပါဝင်ကြောင်း သိရသည်။

အစားအသောက်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန် ၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်လည်း သတိပေးထားသည်။

အဆိုပါ သတိပေးချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်‌ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here