ရန်ကုန် ရွှေအသင်း၏ အခေါက်ရွှေရည်ညွှန်းဈေး သိန်း ၃၀ နားကပ်လာပြီး တစ်ပါတ်အတွင်း (၈) သိန်းဝန်းကျင်မြင့်တက်လာ

0
156

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် လက်ရှိတွင် ရွှေရည်ညွှန်းဈေးကို ဗဟိုဘဏ်က သတ်မှတ်ပေးထားသည့် ဘဏ်များအကြား Online Trading USD Rate ဖြင့်တွက်ချက်မှု လုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ (၁၂) ရက်အတွက် ရည်ညွှန်း သတ်မှတ်ပေးထားသည့် အခေါက်ရွှေတစ်ကျပ်သား၏ ရည်ညွှန်းဈေးမှာ တစ်ကျပ်သားလျင် ၂၉၃၈၂၀၀ ကျပ် ဖြစ်သည်။

အဆိုပါ ဈေးနှုန်းမှာ ဗဟိုဘဏ်၏ ပုံမှန်ဒေါ်လာရည်ညွှန်းဈေးနှင့် တွက်ချက်သည့် အောက်တိုဘာ (၆) ရက်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ကျပ်သားလျင် (၈) သိန်းကျပ်နီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက် နေ့လယ် (၂) နာရီခွဲအချိန်က ရန်ကုန်ရွှေအသင်းမှ ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအခေါက်ရွှေ ရည်ညွှန်းဈေးနှုန်း တစ်ကျပ်သားလျှင် ၂,၁၄၅,၃၀၀ ကျပ်ဖြစ်ပြီး ယနေ့ အောက်တိုဘာ (၁၂) ရက် နံနက်ပိုင်း ထုတ်ပြန်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်တွက်ချက်မည်ဆိုပါက ၇၉၂,၉၀၀ ကျပ် မြင့်တက်သွားခြင်းဖြစ်သည်။

ယခုကဲ့သို့ ရွှေရည်ညွှန်းဈေးနှုန်း မြင့်တက်လာရခြင်းမှာ ယခင်က ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေးဖြစ်သည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ခဲ့ရာမှ ယခုတွင် ဗဟိုဘဏ်၏ လေလံဈေးနှုန်းဖြစ်သည့် တစ်ဒေါ်လာ ၂၉၃၂ ကျပ်ဖြင့် တွက်ချက်ခြင်းကြောင့် မြင့်တက်လာရခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ယမန်နေ့ အောက်တိုဘာ (၁၁) ရက်က ဈေးကွက်ပိတ်ချိန်တွင် ရန်ကုန်ရွှေအသင်း၏ အခေါက်ရွှေ ရည်ညွှန်းဈေးမှာ ၂၉၂၁၀၀၀ ဖြစ်ပြီး ယနေ့ ဈေးကွက်ဖွင့်ချိန် ထုတ်ပြန်သည့် အဖွင့်ဈေးအရပင် ၂၀၀၀၀၀ ကျပ် ကျော်ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ပြင်ပရွှေဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်အေးလျက်ရှိကာ ယနေ့ ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျင် ၃,၄၂၀,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here