အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အတွင်း ရန်ကုန်မြစ် ထူးကဲဒီရေတက်လာနိုင်

0
526

လာမည့် အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အတွင်းရန်ကုန်မြစ်အတွင်း၌ ထူးကဲဒီရေတက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကအသိပေးထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၀ ဒသမ ၃၇ ပေခန့် အထိ မြင့်တက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယင်းကြောင့် မြစ်ကမ်းနားအနီးတွင် နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ရန်ကုန်မြစ်သည် အမြင့်ပေ ၂၀ မှ ၂၀ ဒသမ ၀၅ ပေအထိ ထူးကဲဒီရေ တက်ခဲ့ဖူးသလို ယခင် ၂၀၁၄-၂၀၁၅ ကာလများတွင်လည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်အထိ ဒီရေတက်ခဲ့ဖူးခြင်းကြောင့် ယခုအခြေအနေတွင် စိုးရိမ်ဖွယ်မရှိသော်လည်း အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀ ပေ ကျော်လွန်မည် ဖြစ်သည့် အတွက် ယခုလိုထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေသော်လည်း မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here