တောင်ဥက္ကလာတွင် ဖွင့်ထားသည့် DOMINO Club အား သတ်မှတ်အချိန်ထက် ကျော်လွန်ဖွင့်လှစ်သည်ဟုဆိုကာ ယာယီပိတ်သိမ်း

0
297

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၈) ရပ်ကွက်၊ စက်မှုဇုန်(၆)လမ်း၊အမှတ်-၇/ခ တွင် ဖွင့်လှစ်ထားသည့် DOMINO Club အား လုံခြုံရေးပူးပေါင်းအဖွဲ့မှ အောက်တိုဘာ (၁၃) ရက် နံနက် အစောပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ သတ်မှတ်ချိန် ကျော်လွန်ဖွင့်လှစ်မှုဖြင့် ယာယီ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ အဆိုအရ ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက် (၁၂) နာရီ (၁၅) မိနစ်အချိန်ခန့်က အဆိုပါ Club ကို ရှောင်တခင်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာတွင် အမျိုးသား (၈၇) ဦး၊ မ (၅၅) ဦး၊ ပေါင်း (၁၄၂) ဦး၊ DOMINO Club မန်နေဂျာနှင့် ဆိုင်ဝန်ထမ်း (၄၀)ဦးတို့အား တွေ့ရှိရကြောင်း သိရသည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲထားခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း ရှိ/မရှိတို့ကို တစ်ဦးချင်း စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ မတွေ့ရှိရသဖြင့် နံနက် (၁) နာရီခွဲအချိန်ခန့်တွင် ပြန်လည်စေလွှတ်လိုက်ကြောင်း သိရသည်။

လက်ရှိ ပြဌာန်းထားဆဲဖြစ်သည့် ညမထွက်ရ အမိန့်အား ဖောက်ဖျက်၍ သတ်မှတ်အချိန်ကျော်လွန်ဖွင့်လှစ်ခဲ့သည့် DOMINO Club မန်နေဂျာအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် Club အား ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here