အခြေခံစပါးရည်ညွှန်းဈေးကို (၇)သိန်းခွဲဖြင့် သတ်မှတ်ထားသော်လည်း ဈေးကွက်တွင် (၁၂) သိန်းအောက်သို့ ကျဆင်းလာမည်မဟုတ်ဟု ဆန်စပါးအသင်း ဥက္ကဋ္ဌပြော

0
274

ယမန်နေ့ အောက်တိုဘာ (၁၂) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားထုတ်ပြန်မှု အစီအစဉ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောကြားခဲ့ခြင်း ဖြစ်သည်။

” လက်ရှိဆန်စပါးဈေးကွက်က ထုတ်လုပ်သူဘက်ကအားသာတဲ့ ဈေးကွက်ဖြစ်နေတယ်။ ဒီလို ဈေးနှုန်းသတ်မှတ်လိုက်တာကြောင့် စပါးဈေးနှုန်း ထိုးကျလာမှာမဟုတ်ပါဘူး။ ဒါကြောင့် စပါးဈေးနှုန်းက စပါးတင်း (၁၀၀) ကို ကျပ် (၁၂) သိန်းဝန်းကျင်အောက် ကျဆင်းလာနိုင်စရာမရှိပါဘူး” ဟု ဦးရဲမင်းအောင်က ပြောသည်။

အစိုးရလက်အောက်ရှိ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အ ခြေခံစပါးရည်ညွှန်းဈေးကို ၇၅၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ကြောင်းပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက်စပါးတင်း (၁၀၀) ၏ အခြေခံစပါးရည်ညွှန်းဈေး ၇၅၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ သတ်မှတ်ချက်သည် အခြေခံရည်ညွှန်းဈေးသာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးသည် ရည်ညွှန်းဈေးအထက်တွင်ရှိပါက စပါးဝယ်ယူမည့် ကုန်သည်များအနေဖြင့် ဈေးကွက်ပေါက်ဈေးအတိုင်းသာ ဝယ်ယူကြရန်လည်း အစိုးရက ညွှန်ကြားထားသည်။

” အခြေခံဈေးဆိုတာ Market Price မဟုတ်ပါဘူး။ Market Price ဆိုတာ ဈေးကွက်မှာ ရောင်းသူဝယ်သူ ကြည်ဖြူစွာနဲ့ ရောင်းချတဲ့ဈေးဖြစ်ပါတယ်။ အခြေခံဈေးဆိုတာကတော့ Reference Price၊ Floor Price ကြမ်းခင်းဈေးပဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိကာလသည် မိုးစပါးထွက်ရှိမည့်ရာသီဖြစ်ပြီး မိုးစပါး အများစု စိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချို့စိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ မြေပြင်ပေါက်ဈေးအနေဖြင့် စပါးအမျိုးအစားအလိုက် ၁၃ သိန်းမှ ၁၄ သိန်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here