RCSS ဥက္ကဋ္ဌနှင့် KNU ဥက္ကဋ္ဌဟောင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့ NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိ

0
242

အောက်တိုဘာလ (၁၅) ရက်တွင် နေပြည်တော် MICC-2 ၌ ကျင်းပမည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန်အတွက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် KNU ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်အချို့ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) နာယက ဦးခွန်ဥက္ကာတို့အပါအဝင် NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည့် EAOs ခေါင်းဆောင်များဖြစ်သည့် ဦးခိုင်စိုးနိုင်‌အောင်၊ ဦးမျိုးဝင်းနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် EAO ကို ယ်စားလှယ်များသည် အောက်တိုဘာ (၁၃)ရက် မွန်းလွဲပိုင်း က တာချီလိတ်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ EAO ခေါင်းဆောင်များအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေပြည်တော်လေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး လိုလားသည့် ဒေသခံပြည်သူများကလည်း ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်းချမ်းရေးရရှိရေး သည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ စသည့် စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အနေဖြင့်လည်း NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နေပြည်တော်သို့ ထွက်ခွာလာကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here