တနင်္သာရီမြို့နယ်တွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကား မိုင်းဆွဲတိုက်ခိုက်ခံရ

0
430

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက “မြတ်မန္တလာထွန်း”အဝေးပြေးခရီးသည်တင်(Express)ကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် ၉ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် မြိတ်မြို့မှထွက်ခွာလာပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် “မြတ်မန္တလာထွန်း”အဝေးပြေးခရီးသည်တင်(Express)ကားအား တနင်္သာရီမြို့နယ်၊လယ်တောင်ယာကျေးရွာနှင့်တမုတ်ချုံးကျေးရွာကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားမောင်းသူ၊ယာဥ်နောက်လိုက် ၂ ဦးနှင့်ခရီးသည် အမျိုးသား ၁ ဦး၊အမျိုးသမီး ၂ ဦး(စုစုပေါင်း ၆ ဦး)တို့တွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ ကား၏ရှေ့လေကာမှန်ကွဲအက်ပျက်စီးကာ ဘယ်ဘက်ဘေးမှန် ၄ ချပ်ကွဲကျေပျက်စီးခဲ့ပြီး ကား၏ဘယ်ဘက်ဘေးခြမ်း၌ မိုင်းစဖောက်ဝင်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here