စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအားပြင်ဆင်ဖွဲ့စည်း

0
584

၂၀၂၂ ခုနှစ်ကဖွဲ့စည်းခဲ့သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၃ ရက်က အမိန့်​ကြော်ငြာစာအမှတ် ၆၈/၂၀၂၃ ဖြင့် ဖျက်သိမ်းခဲ့သည်။

ထိုသို့ ဖျက်သိမ်းပြီးနောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု အောက်တိုဘာ ၁၃ ရက်က အမိန့်ကြော်ငြာစာအမှတ် ၀၀၁/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

ပြည်ပမှတင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊တင်သွင်းလာသည့် စက်သုံးဆီများအရည်အသွေးပြည့်မီရေးနှင့်ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ဝန်ကြီးဌာနနှင့်ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stake Holder များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးမှတာဝန်ယူကာ အတွင်းရေးမှူးအဖြစ် စွမ်းအင်ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်နှင့်တွဲဖက်အတွင်းရေးမှူးအဖြစ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ဖြစ်သည်။

ထို့ပြင် အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊ စွမ်းအင်ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ၏ ဒု-ညွှန်ကြားရေးမှူးချုပ်၊နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဌာန၏ ဒု-ညွှန်ကြားရေးမှူးချုပ်တို့ပါဝင်ကြောင်း သိရသည်။

ထိုသို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းအား ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here