သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ အရန်ဆန်အိတ် ငါးသိန်းတင်ပို့မည်

0
154

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်သည့်ဒေသများသို့ အရန်ဆန်အိတ်ရေငါးသိန်းကို ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်းအရန်ဆန်ဝယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ်ဝယ်ယူထားရှိသည့် အရန်ဆန်တန်ချိန် (၂၅,၀၀၀) ၊ အိတ် (၅၀၀,၀၀၀) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သန်း၊  ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အစည်းအဝေးတွင် အရန်ဆန်များကို စနစ်တကျသိုလှောင်ရန်၊ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ သင်္ဘောပေါ် တင်ပို့ရန် ပြင်ဆင်ချိန်ရရှိစေရန်၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့နှင့်စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်‌သည်။

ပြီးခဲ့သည့် မေလအတွင်း အရန်ဆန်အိတ်နှစ်သိန်းကို ပထမအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here