CMP ပို့ကုန်ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် ရှိပြီး ကာလတူထက် ပိုများလာ

0
190

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ CMP တင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဒသမ ၃၁ ဘီလီယံရရှိထားပြီး ယခင်နှစ်ထက် ပို့ကုန်တန်ဖိုး ပိုမိုတိုးတက်လာခဲ့ကြောင်းအလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းများအများဆုံးဖန်တီးပေးလျက်ရှိသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” အထည်ချုပ်လုပ်ငန်းသည် နိုင်ငံသားများအား အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊ ပို့ကုန်ကဏ္ဍမြှင့်တင်ပေးခြင်းနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထည်ချုပ် လုပ်ငန်းရှင်များ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်စေရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း”  ၎င်းကပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၅-၂၀၁၀ ခုနှစ် အကြား အထည်ချုပ်စက်ရုံ ၁၃၀ ကျော်သည် ဂျပန်နှင့်ကိုရီးယား ဈေးကွက်သစ်ကို ရှာဖွေတွေရှိခဲ့ပြီး ယင်းနှစ်နိုင်ငံမှ  မြန်မာ့အထည်ချုပ်ကို အဓိကဝယ်ယူသည့် နိုင်ငံများဖြစ်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇.၅ ရာခိုင်နှုန်း၊ ကိုရီးယားမှ ၂၅.၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေးတစ်ရှိန်ထိုး တိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ (၇၈၈) ရုံရှိကြောင်း၊ရန်ကုန်နှင့်ပဲခူးတိုင်း ဒေသကြီးတို့တွင် အထည်ချုပ်စက်ရုံ (၅၃) ရုံကို NSSA အသိအမှတ်ပြုကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှု အသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်လျက်ရှိသည့်အတွက် အသိအမှတ်ပြုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “စက်ရုံများသို့မြေပြင် ကွင်းဆင်းလေ့လာ၍ အားနည်းချက်ရှိသော စက်ရုံအလုပ်ရုံများကို တိုးတက်စေရန် လမ်းညွှန် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စက်ရုံများတွင် အငြင်းပွားမှုများ လျော့နည်းစေရန် နိုင်ငံခြား ဘာသာသင် သိပ္ပံကျောင်းများမှ ပါမောက္ခ ၊ ဆရာ၊ဆရာမများဖြင့် စကားပြန်များကို ဘာသာစကား ပြောတတ်ရုံ သာမက ကျွမ်းကျင်စွာ အသုံးချနိုင်ရေးနှင့် ၎င်းတို့ကို အသုံးပြု၍ စွမ်းဆောင်ရည်မြှင့်တင်ရေးကို Pilot Study  အဖြစ် တစ်ကြိမ်အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ထပ်မံဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ” ပြောကြားခဲ့သည်။

အထည်ချုပ်အသင်းတွင် တရုတ်အထည်ချုပ်စက်ရုံ (၅၀) ရာခိုင်နှုန်းကျော်၊ ကိုရီးယားစက်ရုံ (၁၀) ရာခိုင်နှုန်းကျော် စသည်ဖြင့် နိုင်ငံခြားသားပိုင် စက်ရုံများက (၈၀) ရာခိုင်နှုန်းကျော် ရှိကြောင်း၊ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၊ ထုတ်ပြန်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ပြန်လည် မျှဝေပေးရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်၊ သက်ဆိုင်ရာအသင်းအဖွဲ့များသို့ ပေးပို့ပေးစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာသူများက အထည်ချုပ်လုပ်ငန်းရှင်များ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အလုပ်သမားအခွင့်အရေးများ၊ အလုပ်သမားခွင့်ရက်များနှင့် အနည်းဆုံး လုပ်ခလစာစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here