လက်ရှိရေအမြင့်အရ ငမိုးရိပ်ရေလှောင်တမံပေါ်သို့ရေကျော်နိုင်ခြင်းမရှိဘဲ ရေလှောင်တမံ၏ကြံ့ခိုင်မှုလုံခြုံစိတ်ချရဟု လယ်ဆည်ဝန်ကြီးဌာနထုတ်ပြန်

0
286

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံမှရေဖောက်ချမည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အောက်တိုဘာ ၁၄ ရက်ကအသိပေးခဲ့သည်။

ငမိုးရိပ်ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁)ခု၊ရေပိုလွှဲ(၁)ခုနှင့်အကူရေပိုလွှဲ(၁)ခုသာရှိပြီး အခြားရေဖောက်ချ၍ရသည့်နေရာမရှိဟု အသိပေးခဲ့သည်။

ငမိုးရိပ်ရေလှောင်တမံသည် စက်တင်ဘာ ၅ ရက်မွန်းတည့် ၁၂ နာရီမှစ၍ ကန်ရေပြည့်သိုလှောင်နိုင်သည့် ပမာဏထက်ရေဝင်ရောက်မှုဖြစ်ပေါ်ပြီး ရေပိုလွှဲမှစတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ပြန်လည်စီးဆင်းခဲ့၍ အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်အထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့်ရေလှောင်တမံ၏ အောက်ဘက်ဧရိယာများတွင် မိုးရေချိန်(၁၄ ဒသမ ၉၀)လက်မအထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

ထိုသို့ ရွာသွန်းခဲ့၍ ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် အောက်တိုဘာ ၈ ရက်ည ၉ နာရီတွင် ၆ ပေကျော်အထိအမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းကာ ရေများသည် မူလငမိုးရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ချောင်းရေများစီးဝင်လာခဲ့သဖြင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်ဟု အသိပေးခဲ့သည်။

ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲမှ အောက်တိုဘာ ၁၃ ရက်နံနက် ၆ နာရီတွင် ၄ ဒသမ ၇၅ ပေသာကျော်လွန်စီးဆင်းလျှက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိ၍ လက်ရှိ ရေအမြင့်အရရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေလုံးဝမရှိဘဲ ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လည်းလုံခြုံစိတ်ချရသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် လူမှုကွန်ယက်စာမျက်နှာများ၌ပြန့်နှံ့နေသည့် သတင်းမှားများနှင့်ပတ်သက်၍ ပြည်သူများစိတ်ပူပန်ရန်မလိုအပ်ဘဲ ရေလှောင်တမံတွင် ရေဖောက်ချရမည့်နေရာ၊အဆောက်အအုံမပါရှိခြင်း၊ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်းမရှိခြင်း၊ဆောင်ရွက်ရန်လည်းမရှိခြင်းတို့အပြင် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေများထပ်မံမြင့်တက်လာရန်မရှိဟု အသိပေးခဲ့သည်။

ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက်(EPP)ပါအတိုင်း ရေပိုလွှဲမှရေစတင်စီးဆင်းသည့်အချိန်မှစကာ တမံအောက်ဘက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေးအကြောင်းကြားထားကာ တမံအောက်ဘက်ရှိ ဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရန် EPP ပါစီမံချက်အတိုင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း အသိပေးခဲ့သည်။

ငမိုးရိပ်ရေလှောင်တမံသည် အမြင့်(၇၅)ပေ၊အလျား (၁၅၅၀၀)ပေ၊ရေလှောင်ပမာဏ(၁၈၀၀၀၀) ဧကပေ၊လယ်မြေဧရိယာ(၃ဝ၅၆၇)ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ရန်ကုန်မြို့၏ သောက်သုံးရေအတွက် နေ့စဉ်ရေဂါလန်(၁၃၀)သန်းကိုလည်း ပေးဝေလျက်ရှိကြောင်း သိရသည်။

Photo credit – Ngamoeyeik ID


LEAVE A REPLY

Please enter your comment!
Please enter your name here