အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ဆက်လက်ကူညီသွားမည်ဖြစ်ကာ NCA အပေါ်အပြည့်အဝယုံကြည်သည်ဟု ဆွေးနွေးခဲ့ကြ

0
155

နစက ဥက္ကဋ္ဌနှင့်အိန္ဒိယနိုင်ငံ၊ ဒု-အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။မစ္စတာ ဗစ်ကရမ်သည် မြန်မာနိုင်ငံတွင် ၂၀၁၆ က အိန္ဒိယသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလိုတရုတ်တွင်လည်း သံတမန်အဖြစ် ၃နှစ်တာထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။အိန္ဒိယဝန်ကြီးချုပ် ၃ဆက်လုံး၏ ကိုယ်ရေးအတွင်းဝန်လည်းဖြစ်ခဲ့ဖူးသည်။(၁၉၉၇ ခုနှစ်တွင် ကူးမား ဂူဂျရာလ်၊ ၂၀၁၂ ခုနှစ်တွင် မန်မိုဟန်ဆင်းန် နှင့် ၂၀၁၄ ခုနှစ်တွင် မိုဒီထံ၌ တာဝန်ထမ်းခဲ့သည်။)

နစက ဥက္ကဋ္ဌမှ NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်ရန်ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ဒု-အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri အား အောက်တိုဘာ ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများနှင့်ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်စေရေးဆောင် ရွက်ရန်လိုအပ်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာရပ်တည်လျှောက်လှမ်းလျက်ရှိမှုနှင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကာ NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိမှုနှင့်မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်တို့တက်ရောက်ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here