အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲ ကြုံတွေ့နေရခြင်း၊ဘေးဒုက္ခ ရောက်နေခြင်းများ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအတွက် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လိုက်ပါလိုသူများအနေဖြင့် တဲလ်အဗီးမြို့ရှိမြန်မာသံရုံးသို့ အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းအောက်တိုဘာ ၁၄က အသိပေးထားခဲ့ပါသည်။
ထိုသို့ ဆက်သွယ်ရာ၌ မြန်မာသံရုံး၊တဲလ်အဗီးမြို့၏ ရုံးဖုန်း- (၉၇၂) (၃) ၅၁၇ဝ၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄ ၊ Hot line – ၀၅၈ ၇၈၉၉၁၇၇, ၀၅၈ ၄၀၈၁၃၄၇ တို့သို့ ဆက်သွယ်၍ အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်စေလွှတ်ရာ၌ အမည်စာရင်းပေးသွင်းထားသည့် လူဦးရေ အနည်းအများအလိုက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လူဦးရေစာရင်း ရရှိသည်နှင့် သင့်လျော်သော လေကြောင်းခရီးစဉ်/ကယ်ဆယ်ရေးလေယာဉ်များဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေများအရ အစ္စရေးနိုင်ငံရောက် မြန်မာ နိုင်ငံသားများဖြစ်သော စိုက်ပျိုးရေးသင်တန်းကျောင်းများ/လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများနှင့် အန္တရာယ်ရှိသောနေရာများတွင် နေထိုင်ကြသူများ အနေဖြင့် ဘေးကင်းလုံခြုံရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် အစ္စရေးနိုင်ငံ Home Front Command ၏ မစ်ဆိုင်းလ် အချက်ပေးသံများနှင့် လိုက်နာရမည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာ နေထိုင်ဆောင်ရွက်သွားကြရန်လည်းအသိပေးထုတ်ပြန်ထားသည်။
“အစ္စရေးရောက် မြန်မာနိုင်ငံသားတွေကတရားဝင် အလုပ်ပါမစ်နဲ့လာလုပ်နေကြသူများ ရှိသလိုအကြောင်း မျိုးစုံနဲ့ရောက်ပြီးမပြန်သေးပဲ ရရာ အလုပ်ကို ဝင်လုပ်နေကြတာရှိပါတယ်။ အများစုကတော့စားသောက်ဆိုင်တွေမှာလုပ်နေတယ်။၊ ပုံမှန်အားဖြင့် ၅ နှစ်လောက်နေထိုင်လုပ်ကိုင်ခွင့် ရကြပြီး၊သက်ကြီးရွယ်အို စောင့်ရှောက်မှုအလုပ် လုပ်တဲ့သူတွေကတော့ ပိုမို နေထိုင် လုပ်ကိုင်ခွင့် ရနေကြပါတယ်။ လက်ရှိ စစ်ပွဲအတွင်း ဂါဇာကမ်းမြှောင်ဒေသ တစ်ဝိုက်ကစိုက်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ပြည်ပနိုင်ငံသား အများစု ေ သ ကြေ ဒဏ်ရာရ ဓ-ားစာခံအဖြစ် ဖမ်းဆီးခံရမှုများ ရှိနေပါတယ်၊ မြန်မာနိုင်ငံသား အများစုက လက်ရှိမှာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်ထက် တဲလ်အဗီးနှင့် ပတ်ဝန်းကျင်မြို့များရှိ စားသောက်ဆိုင်များ၊ အခြားသောလုပ်ငန်းများမှာ လုပ်ကိုင်နေကြတာမို့ ဖြစ်ပွားသည့်နေရာနှင့် အလှမ်းကွာဝေးနေသေးလို့ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများမှ လွတ်ကင်းနေပါသေးတယ်” ဟု သံရုံးတာဝန်ရှိသူတစ်ဦးက ပေါ်ပြုလာနယူးစ်သို့ဖြေကြားခဲ့သည်။
သံရုံးအနေဖြင့် ဆက်သွယ်ရရှိနိုင်သမျှ အစ္စရေးရောက် မြန်မာများကို ဆက်သွယ်မေးမြန်းထားမှုများအရ မြန်မာနိုင်ငံသားများ ဘေးကင်းမှု ရှိနေသေးကြောင်း၊ လက်ရှိအချိန်ထိ အခက်အခဲကြုံတွေ့နေရမှုကြောင့် အကူအညီတောင်းခံလာမှု တစ်စုံတစ်ရာမှ လက်ခံရရှိခြင်း မရှိသေးပါကြောင်း၊ စစ်ပွဲ အခြေအနေအရ နေရပ်ပြန်လိုသူများအတွက် မိမိတို့ နိုင်ငံမှ ကယ်ဆယ်ရေး လေယာဥ် စီစဥ်ဆောင်ရွက်ပေးရန် ရှိပါကြောင်း၊သံရုံးအနေဖြင့် ကိုဗစ်ကာလ အချိန်အခါတုန်းကလည်း အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံမှ နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသူများကို ကယ်ဆယ်ရေးလေယာဥ် ( ၁၄ ) ခေါက် ပြေးဆွဲကာ လိုအပ်ချက်ကိုဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့ပါကြောင်းတို့ကို သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားပါသည်။