အဘူဒါဘီ၊အောက်တိုဘာ ၁၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် တရုတ်နိုင်ငံအား အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးအတွက် ၎င်း၏ဩဇာ အရှိန်အဝါကို သုံးပေးရန် တိုက်တွန်းခဲ့ကြောင်းသိရသည်။
အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူမစ္စတာဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တစ်နာရီကြာဖုန်းပြောခဲ့ပြီး အကျိုးရှိရှိဆွေးနွေးခဲ့ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
“ဒီကိစ္စမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုအသုံးပြုမယ်ဆိုရင် အဆင်ပြေမယ်လို့ မစ္စတာဘလင်ကန်ကယုံကြည်နေပါတယ်” ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာမက်သရူးမီလာကပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကမူ အမေရိက အနေဖြင့် ၎င်း၏အပြုသဘောဆောင်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသည့်အခန်းကဏ္ဍကိုအသုံးပြုလျက် အစ္စရေး – ဟားမတ်စ်အရေးအား နိုင်ငံရေးအရဖြေရှင်းရေးလမ်းပေါ်ပြန်ရောက်အောင်ကြိုးပမ်းသင့်သည်ဟုဆိုခဲ့သည်။
သို့သော်မစ္စတာမီလာကမူ ယခုအရှေ့အလယ်ပိုင်းအရေးသည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အမေရိက တို့ပူးပေါင်းဖြေရှင်းလျှင်ပြေလည်နိုင်မည့်ကိစ္စဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
Source :AFP